DVB Logo
Home
မြန်မာသတင်း
အမ်အိုယူနှင့်လာပြီး အဆင်မပြေဖြစ်နေသည့် မြန်မာအလုပ်သမား လစဉ် ၃၀၀ ကျော်ရှိ
DVB
·
September 20, 2016
အမ်အိုယူနှင့်လာပြီး အဆင်မပြေဖြစ်နေသည့် မြန်မာအလုပ်သမား လစဉ် ၃၀၀ ကျော်ရှိ
Donate to DVB

ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားစေလွှတ်မှု သဘောတူချက်စာချွန်လွှာ (အမ်အိုယူ) အရ ထိုင်းနိုင်ငံထဲ ၀င်ရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတာ လစဉ် အနည်းဆုံး ၃၀၀ ကျော်ရှိတယ်လို့ အလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (အေအေစီ) က ပြောပါတယ်။

အလုပ်သမားရှာဖွေရေး အေဂျင်စီတွေကနေတဆင့် ထိုင်းနိုင်ငံထဲ ရောက်လာပြီး ဒီရောက်တဲ့အခါ စာချုပ်ထဲပါတဲ့ အလုပ် နေရာနဲ့ မတူတဲ့နေရာတွေ ရောက်ရတာ၊ လုပ်ငန်းခွင်မှာ အဆင်မပြေလို့ အလုပ်ပြုတ်သွားရတာတွေကြောင့် အရင်းပြန်မရဘဲ မြန်မာပြည်ပြန်သွားရတဲ့ အလုပ်သမားတွေ လတိုင်းလို ရှိနေတယ်လို့ အေအေစီ ဒါရိုက်တာ ဦးခိုင်က ဒီဗွီဘီကို ပြောပါတယ်။

“အဆင်မပြေလို့ ကျနော်တို့ဆီရောက်လာတာ တလ ၃၀၀ ကျော်တယ်၊ ကျနော်တို့ဆီ မရောက်ဘဲ အလှမ်းမမီတဲ့လူတွေ၊ အပြင်ကလူတွေ ပိုများတယ်၊ မြန်မာပြည်ကပို့တဲ့ အေဂျင်စီတွေက တလ ၉၀၀၀ ရှိတယ်။ မြန်မာအလုပ်သမားဝန်ကြီးဌာနက တရားဝင်ပြောတာ၊ အေဂျင်စီပေါင်းက ၁၀၀ ကျော်ရှိတယ်၊ သူတို့က ထိုင်းမှာ တကယ်အလုပ်ရှိမရှိ မစစ်ဆေးဘူး၊ ပို့ချင်သလို ပို့နေတာ၊ ပို့ချလိုက်တယ်၊ ဒီကျရင် အလုပ်ရှိတာမရှိတာ မသိဘူး၊ တချို့ဆို တလလောက် ထိုင်စားနေရတယ်။ ဒီလထဲဆို မေ၀င့်ကုမ္ပဏီတခုတည်းတင် လူ ၄၀၀ ကျော်တယ်။ အဆင်မပြေလို့ ကိုယ့်သဘောနဲ့ကိုယ် အလုပ်ပြောင်းချင်လည်း စာချုပ်အရ  ပြောင်းခွင့်မရှိပြန်ဘူး။ သက်ဆိုင်ရာ အေဂျင်စီကလည်း တာဝန်ယူဖြေရှင်းပေးတာ နည်းတယ်၊ မြန်မာသံရုံးကို သွားတိုင်ရင် သံရုံးက မြန်မာပြည်ပြန်ပို့ပေးတယ်၊ အဲတော့ အလုပ်သမားတွေက အရင်းပြန်မရဘဲ ပြန်သွားရတယ်။”

ဒီကနေ့လည်း ရက္ခိတကုမ္ပဏီက အလုပ်သမား ၂၃ ဦး၊ မေ၀င့်ကုမ္ပဏီက အလုပ်သမား ၆ ဦး၊ အခြားကုမ္ပဏီမှ ၂ ဦးတို့ဟာ လုပ်ငန်းခွင်ပြဿ   နာကြောင့် ထိုင်း-မြန်မာသံရုံးကို သွားတိုင်ရာမှာ သံရုံးက ဒီနေ့ပဲ သူတို့ကို မြန်မာပြည်ပြန်ပို့ပေးမယ်ဆိုတာကြောင့် အခက်တွေ့နေတယ်လို့  အလုပ်သမားတဦးဖြစ်သူ ရဲမင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ အလုပ်မလုပ်ရတာ တလကျော်သွားပြီ၊ စားစရာလည်းမရှိ၊ နေစရာလည်းမရှိလို့ အေအေစီရုံးမှာ ခိုလှုံနေရတယ်။ ကျနော်တို့က အလုပ်လုပ်ချင်ပါတယ်၊ အေဂျင်စီက မဖြေရှင်းပေးနိုင်ဘူး။ သံရုံးအရာရှိက ဒီနေ့ညနေ ၃ နာရီ မြန်မာပြည်ပြန်ပို့မယ်လို့ ပြောတယ်။ ဟိုရောက်ရင် ကုမ္ပဏီက ပိုက်ဆံ ၁ သိန်းခွဲစီ ပြန်ပေးမယ်လို့ ပြောတယ်။ ကျနော်တို့က တယောက်ကို ၅ သိန်းကနေ ၇ သိန်းထိ ကုန်လာကြတာ၊ ရှိတာလေးတွေရောင်းပြီး လာကြတာ။ နားကပ်ရောင်းတယ်၊ အိမ်ရောင်းတယ်၊ တချို့က အိမ်ပေါင်တယ်၊ ချေးငှားပြီးလာရတယ်။ အခု ဗမာပြည်ပြန်တော့ နေစရာလည်းမရှိ စားစရာလည်းမရှိ။”

သူတို့ဟာ ချွန်းပူးရီးခရိုင် လယောင်းမြို့နယ် အထည်ချုပ်စက်ရုံမှာ အလုပ်ရပေမယ့် မြန်မာအလုပ်သမားနဲ့ ထိုင်းအလုပ်သမားတို့ ခိုက်ရန်ဖြစ်ပွားမှုကြောင့် အလုပ်ရှင်က အလုပ်ထုတ်ခြင်းခံရတာ ဖြစ်ပါတယ်။

ပြန်ဖို့ရာ အဆင်မပြေတဲ့အတွက် အများစုက ဒီမှာပဲ ဖြစ်သလို ဆက်နေဖို့ ဆုံးဖြတ်တယ်လို့ သူက ဆက်ပြောပါတယ်။

တချို့အလုပ်သမားတွေက သူတို့နေထိုင်ခွင့်ကတ်တွေ အလုပ်ရှင်က သိမ်းထားတဲ့အတွက် ရဲတွေနဲ့တွေ့ရင် အဖမ်းခံရမှာလည်း ပူရပြန်တယ်လို့ ဆိုပါတယ်။

အေဂျင်စီတွေအနေနဲ့ အလုပ်သမားမပို့ခင် သေချာစိစစ်ဖို့၊ ပြဿ နာဖြစ်ရင်လည်း တာဝန်ယူဖြေရှင်းပေးဖို့၊ အလုပ်သမားတွေကို အတင်းအကျပ် ပြန်မပို့ဖို့ လိုအပ်ကြောင်း၊ လက်ရှိ အခြေအနေမှာ တိုင်းပြည်ဝင်ငွေရရေးအတွက် ထိုင်းကို အလုပ်သမားစေလွှတ်ပေမယ့် ထိုင်းမှာသာ ငွေတွေလာကုန်နေရကြောင်း၊ အလုပ်သမားအများစုမှာ မရှိဆင်းရဲသားတွေ ဖြစ်တဲ့အတွက် ရေရှည်မှာ ဆင်းရဲမှုပြဿ နာသာ ပိုမိုကြီးထွားနိုင်ကြောင်း အေအေစီဒါရိုက်တာ ဦးခိုင်က သုံးသပ်သွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013