DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံသို့ တရားမ၀င်သစ်ခိုးထုတ်မှုများ ဖမ်းဆီးရန် စီမံချက်ရေးဆွဲပြီးဖြစ်
DVB
·
September 19, 2016
တရုတ်နိုင်ငံသို့ တရားမ၀င်သစ်ခိုးထုတ်မှုများ ဖမ်းဆီးရန် စီမံချက်ရေးဆွဲပြီးဖြစ်
Donate to DVB

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်အတွင်းကနေ တရုတ်ဘက်ကို တရားမ၀င် သစ်ခိုးထုတ်နေတာကို ဖမ်းဆီးဖို့ စီမံချက်ရေးဆွဲပြီးဖြစ်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ကချင်ပြည်နယ်မဲဆန္ဒနယ်က ဦးဂျေယောဝူ မေးမြန်းတဲ့ ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် အရှေ့ခြမ်း မြန်မာ-တရုတ်နယ်စပ် ကျောက်တိုင်အမှတ် (၃၀၊၃၁၊ ၃၅၊ ၄၁) တွေကနေ တရားမ၀င်သစ်ခိုးထုတ်နေတာကို နေပြည်တော်က အထူးစုံစမ်းရေးအဖွဲ့နဲ့ ပြည်နယ်အစိုးရ ပူးပေါင်းစစ်ဆေးအရေးယူပေးဖို့ အစီအစဉ်ရှိ မရှိနဲ့ တရုတ်သစ်မှောင်ခိုသမားတွေနဲ့ တာဝန်ရှိ ပြည်သူ့စစ်ခေါင်း ဆောင်တစ်ချို့ကို နိုင်ငံတော်က စစ်ဆေးအရေးယူဖို့ ရှိ မရှိမေးမြန်းခဲ့တာပါ။

အဲဒီနယ်မြေဟာ ဌာနေ ပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားနေပြီး လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ကန့်သတ်ချက်ရှိတဲ့ နယ်မြေဖြစ်တဲ့အပြင် လမ်းပန်းဆက်သွယ်ရေး ဝေးလံခေါင်ဖျားတဲ့ နယ်စပ်ဒေသဖြစ်တာကြောင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ရဲ့ လုံခြုံရေးအပြည့်အ၀ ရယူပြီးမှသာ ရှာဖွေဖမ်းဆီးရေး ဆောင်ရွက်နိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

“ဒီနေရာတွေကို ရှာဖွေဖမ်းဆီးနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ညှိနှိုင်းခဲ့မှုအရ တပ်မတော်က လုံခြုံရေးဆောင်ရွက်ပေးမှုနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းနဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့နဲ့ ရှာဖွေဖမ်းဆီးနိုင်ရေး စီမံချက်ရေးဆွဲပြီးဖြစ်တယ်လို့ သိရှိရပါတယ်” လို့ ဦးအုန်းဝင်းက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်ကနေ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ တရားမ၀င်သစ် စုစု ပေါင်း ၂၆၂၃၃ ဒသမ ၂၃၇၂ တန်ကို တရားခံနိုင်ငံသား ၈၆၁ ဦး၊ နိုင်ငံခြားသား ၁၇၆ ဦး၊ ယာဉ်ယန္တရား ၁၅၉၈ စီးနဲ့ အတူဖမ်းဆီးရမိခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာလည်း တရားမ၀င်သစ် စုစုပေါင်း ၁၉၃၉ ဒသမ ၈၆၁၃ တန်ကို တရားခံနိုင်ငံသား ၁၁၇ ဦး၊ ယာဉ်ယန္တရား ၁၀၄ စီးနဲ့ အတူဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အခုလို တရားမ၀င်သစ်တွေဖမ်းဆီးရမိပါက ပါဝင်ပတ်သက်သူတွေကို ဥပဒေနဲ့အညီ စစ်ဆေးအရေးယူသွားမှာ ဖြစ်ပြီး သစ်သယ်ဆောင်တဲ့ ယာဉ်တွေဟာ တရားမ၀င် ၀င်ရောက် သယ်ယူပို့ဆောင်နေတာဖြစ်တဲ့အပြင် အဲဒီနယ်စပ်နေရာတွေမှာ တရားဝင်နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ဖွင့်လှစ်ထားတာ မရှိတဲ့အတွက် နိုင်ငံတော် အနေနဲ့ ယာဉ်ဝင် ထွက်စာရင်းတွေ ကောက်ယူခြင်း၊ အခွန်ဘဏ္ဍာကောက်ခံခြင်းတွေ မရှိဘူလို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013