
အမေရိကန်မှာရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်နေအိမ်မှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးဝန်ထမ်းတွေနဲ့ ဒီမနက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ၀န်ထမ်းတွေရဲ့ လိုအပ်ချက်တွေကို မေးမြန်းဆွေးနွေးခဲ့ပြီး ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့အတွက် လိုအပ်တဲ့ ကိစ္စရပ်တွေကိုလည်း တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးက တည်ခင်းဧည့်ခံတဲ့ နေ့လယ်စာစားပွဲကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နယူးယောက်မှာ ကျင်းပမယ့် ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂ ထိပ်သီးညီလာခံမှာ ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့အတူ ပါဝင် တက်ရောက်ဖို့ရှိနေပါတယ်။










