DVB Logo
Home
မြန်မာသတင်း
ဝမ်းရောဂါပိုးအသစ် တွေ့မှုကြောင့် ပြည်က မုန်ဟင်းခါးနှင့်ခေါက်ဆွဲစက်အချို့ ယာယီပိတ်
DVB
·
September 19, 2016
ဝမ်းရောဂါပိုးအသစ် တွေ့မှုကြောင့် ပြည်က မုန်ဟင်းခါးနှင့်ခေါက်ဆွဲစက်အချို့ ယာယီပိတ်
Donate to DVB

ပဲခူးတိုင်း ပြည်မြို့နယ်မှာ လွန်ခဲ့တဲ့ ၂ လကျော်ကတည်းက ဖြစ်ပွားနေတဲ့ ကူးစက်မြန် ပြင်းထန် ၀မ်းပျက်ဝမ်းလျှောနဲ့ သာမန်ဝမ်းလျှောရောဂါက ဒီနေ့အထိ ရောဂါကင်းစင်မှု မရှိသေးဘဲ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်က ဒုတိယအကြိမ် ရောဂါပိုးအသစ် ထပ်မံတွေ့ရှိခဲ့လို့ မုန်ဟင်းခါးနှင့်ခေါက်ဆွဲစက်အချို့ ယာယီပိတ်သိမ်းထားပါတယ်။

အမျိုးသားဓာတ်ခွဲခန်း(ရန်ကုန်) ရဲ့ အဖြေအရ ပြည်မြို့နယ်ထဲက မုန့်ဟင်းခါးစက် ၁၄ ခုက ရေနမူနာတွေမှာ ၀မ်းရောဂါနဲ့ပတ်သက်တဲ့ ရောဂါပိုး အသစ်တမျိုးကို ထပ်မံတွေ့ရှိတာကြောင့် အဲဒီစက်တွေကို ယာယီပိတ်သိမ်းထားပါတယ်။

ပြည်မြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဒေါက်တာစစ်အောင်လတ်က “မပိတ်ရဘူးဆိုတာလည်း ကျနော်တို့ ထပ်ပြီးတော့ စစ်ဆေးပေးပါမယ်။ ဒီကြားထဲမှာလည်း အစ်ကိုတို့၊ အမတို့အနေနဲ့ နည်းနည်းလေးတော့ စည်းကမ်းတကျလေး နေပေးပါ။ မထုတ်ပါနဲ့ဦးဆိုရင်လည်း မထုတ်လုပ်ပါနဲ့ဦး” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ ရောဂါပိုးရှိသေးတဲ့ မုန့်ဟင်းခါးနဲ့ ခေါက်ဆွဲဖို ၇ ဖိုကျန်ပြီး အဲဒီစက်တွေကတော့ လုပ်ငန်းလုပ်ခွင့် မရသေးပါဘူး။

ပြည်ခရိုင် ကျန်းမာရေးဦးစီးမှူး ဒေါက်တာဒေါ်အေးအေးမိုးက “ဒီ ကလိုရင်းတွေ ၇ ရက်တိတိ ခတ်ပြီးတာတောင်မှပဲ ဒီပိုးဟာ ရှိနေသေးတဲ့အတွက်ကြောင့်မို့လို့ ဒီဆေးကိုများ မတိုးတော့ဘူးဆိုတာ ဖြစ်နေမလားဆိုပြီး အမတို့ တချက် စဉ်းစားရပါတယ်။ ၇ စက်ကတော့ ပိုးတွေ ကင်းစင်သွားပါပြီ။ နောက် ဌာနအနေနဲ့ကလည်း Bacteriologically Satisfactory ဆိုတာ ၇ စက်ကတော့ ထွက်သွားတယ်။ အဲဒီတော့ ကျေနပ်တယ်ပေါ့နော်။ ဒါပေမယ့် ကျန်တဲ့ ၇ စက်ထဲမှာ ၁ စက်ကတော့ Suspicious ဆိုတာ ထွက်ပြီးတော့ ၆ စက်ကတော့ Unsatisfactory လုံးဝ မသုံးသင့်ပါဘူး ဆိုတဲ့အဖြေ ထွက်လာပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေကို ရှင်းပြရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

တချို့ မုန့်ဟင်းခါးနဲ့ ခေါက်ဆွဲစက်တွေက နှစ်ခါပြန် ပိတ်လိုက်ရတာကြောင့် သူတို့ကို မှီခိုစားသောက်နေတဲ့ အလုပ်သမားမိသားစုဝင်တွေကတော့ စားဝတ်နေရေးတွေ ဒုက္ခရောက်နေပါတယ်။

“ပြည်သူလူထုတွေ ဒုက္ခရောက်အောင်လုပ်တဲ့လုပ်ငန်းတော့ မဟုတ်ပါဘူး။ ဟိုတုန်းကလည်း ဒီ ၀မ်းရောဂါနဲ့ ပတ်သက်တယ်ဆိုတာလည်း ကျမတို့ ကြားရုံပဲ ကြားလိုက်တာပါ။ အတိအကျတော့ မသိပါဘူး။ ကျမတို့ မုန့်ဟင်းခါးစက်မှာ လုပ်တဲ့လူတွေအားလုံးဟာ မနက်မိုးလင်းလာရင် ဒီမုန့်ဟင်းခါးကို အမြဲတစေ ထမင်းနဲ့ စားနေကြတာ။ တခြား သရေစာ မစားနိုင်တော့၊ ကျမတို့ လုပ်ငန်းရှင်တွေကအစ အပိုငွေအကုန်မခံချင်တဲ့အတွက် ဒီမုန့်ဟင်းခါးကိုပဲ စားနေကြပါတယ်။ တခါမှတော့ ဖြစ်တာမျိုး မရှိပါဘူး” လို့ မြစန္ဒာမုန့်ဟင်းခါးစက် ပိုင်ရှင် ဒေါ်မာမာအေးက ပြောပါတယ်။

“ပထမတခါ သူတို့ဆုံးရှုံးတာလည်း သိတယ်။ သူတို့ကိုယ်တိုင်ပဲ  အေးငြိမ်းအောင် သွားပြီးတော့ ဒီမုန့်ခဲတွေ လုပ်တဲ့ပစ္စည်းတွေ ကျနော်တို့ ပြန်သုံးလို့မရတော့ဘူး။ သူတို့က တန်းဖျက်ဆီးပစ်တာ။ ပထမတခါလည်း ဖျက်ဆီးတယ်။ ခုတခါလည်း ထပ်ဖျက်ဆီးမယ်ဆိုတော့ ကျနော်တို့ဘက်က အများကြီး နစ်နာတာပေါ့ဗျာ။ ပစ္စည်းတအိတ်ရဲ့ တန်ကြေးက လေးသောင်းလောက် ရှိတယ်။ ကျနော်တို့က အိတ် နှစ်ဆယ်၊ အိတ် သုံးဆယ် ဆုံးရှုံးတယ်။ တအိတ်ကို လေးသောင်းဆို အိတ် နှစ်ဆယ်၊ အိတ် သုံးဆယ်ဆိုရင် ငွေ ဆယ်သိန်း၊ ရှစ်သိန်း၊ ဆယ့်နှစ်သိန်း။ အဲဒါမျိုးပေါ့နော် အဲဒီလောက် ကျနော်တို့ ဆုံးရှုံးတာ” လို့ ပြည်မြို့ စံပြမုန့်ဟင်းခါးစက်မှ ဦးကျော်ဇေယျက ပြောပါတယ်။

ရေမကြီးခင်က စတင်ဖြစ်ပွားလာခဲ့တဲ့ ကူးစက်မြန် ပြင်းထန်၊ ၀မ်းပျက်ဝမ်းလျှောရောဂါနဲ့ သာမန်ဝမ်းပျက်ဝမ်းလျှောသူ အရေအတွက်က အခုဆိုရင် ၄၅၆ ဦးရှိပြီး အခုရက်ပိုင်းတွေမှာလည်း မကြာခဏ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

မုန့်ဟင်းခါးစက်တွေ၊ ခေါက်ဆွဲစက်တွေအနေနဲ့ ပထမတခါ ၁၅ ရက်ခန့် လုပ်ငန်းတွေကို ရပ်တန့်ထားလိုက်ရပြီး အခု နောက်တကြိမ် ရောဂါပိုး ထပ်တွေ့တာကြောင့် လုပ်ငန်းတွေ ဒုတိယအကြိမ် ပိတ်သိမ်းရမယ့်အရေးအတွက် သူတို့အလုပ်သမား မိသားစုတွေ၊ စားဝတ်နေရေး အခက်အခဲ ဖြစ်နေမှာကို စိုးရိမ်နေကြတာပါ။

အဲဒါကြောင့် စက်တင်ဘာ ၁၆ ရက်နေ့က ဆန္ဒပြ တောင်းဆိုဖို့ စာတင်ခဲ့ပေမယ့် သူတို့ တကယ်မပြဖြစ်ခဲ့ကြပါဘူး။

ပြည်မြို့နယ်ထဲက စက်တွေအများစု ပိတ်သိမ်းထားလိုက်ရပေမယ့် တခြားနယ်တွေကနေ မုန့်ဟင်းခါးနဲ့ ခေါက်ဆွဲတွေ ၀င်နေတာကြောင့် သူတို့လုပ်ငန်းတွေ ပြန်လုပ်ရင်တောင် သူတို့ဖောက်သည်တွေ မရှိတော့မှာကို လုပ်ငန်းရှင်တွေက စိုးရိမ်နေကြရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013