
၂၀၁၅ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ အတင်းအကျပ်နေရပ်စွန့်ခွာရွှေ့ပြောင်းနေရတာ စံချိန်တင် အမြင့်ဆုံးအဆင့်ကို ရောက်လာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ပါတယ်။
နှိပ်ကွပ်တာ၊ ပဋိပက္ခဖြစ်ပွားတာ၊ အထွေထွေအကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရ တာတွေရဲ့ အကျိုးဆက်ကြောင့် လူပေါင်း ၆၅.၃ သန်း ဟာ နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်ကြရ တယ်လို့ ထုတ်ပြန်တာပါ။
လူပေါင်း ၂၁.၃ သန်းဟာ ဒုက္ခသည်တွေဖြစ်ပါတယ်။ လူပေါင်း ၄၀.၈ သန်းကတော့ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူတွေ ဖြစ်ပြီး လူပေါင်း ၃.၂ သန်းက ခိုလှုံခွင့်တောင်းခံသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ထိပ်သီးညှိနှိုင်းဆွေးနွေးပွဲတစ်ခုကို စက်တင်ဘာ ၁၉ ရက်နေ့မှာ အမေရိကန်နိုင်ငံ နယူးရော့ခ်မြို့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီ ညီလာခံကို ကုလသမဂ္ဂ အထွေထွေညီလာခံကိုလာတဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေ တက်ရောက်ကြမှာ ဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မှာ ဖြစ်ပါတယ်။











