ဒေါ်အောင်ဆန်းစုကြည် အန္တရာယ်ကင်းဟု အတိုင်ပင်ခံရုံးတာဝန်ရှိသူပြော

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံကိုရောက်ရှိနေတုန်း စနေနေ့ညက နယူးယောက်မှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ဒေါ်စု လုံခြုံရေးနဲ့ပတ်သက်လို့ ပြည်တွင်းပြည်ပက မြန်မာတွေကြား စိုးရိမ်စိတ်တွေ မြင့်တက်နေပါတယ်။
ဒီအချိန်မှာပဲ အတိုင်ပင်ခံရုံးက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သူ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ “အန္တရာယ် ကင်းရှင်းပါတယ်။ US Secret Service က လုံခြုံရေး အထူး တာဝန်ယူထားပြီး စောင့်ရှောက်နေပါတယ်။”လို့ ရေးတင်လာပါတယ်။
အမေရိကားမှာရှိနေတဲ့ မြန်မာတွေကို မေးမြန်းချက်အရလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုံးပေါက်တဲ့ နယူးယောက်နဲ့ မိုင် ၂၅၀ လောက်ဝေးတဲ့ ဘော်စတွန်မြို့ကို ရောက်ရှိနေပြီး နောက်တနေ့မှ နယူးယောက်ကို ပြန်လာမယ်လို့ သိရပါတယ်။











