
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့ရှိ ဟားဗတ် တက္ကသိုလ်၊ ဟားဗတ်ဖောင်ဒေးရှင်းက ချီးမြှင့်တဲ့ ၂၀၁၆ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာဆုကို မနေ့ညနေပိုင်းက လက်ခံရယူခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဆုလက်ခံယူပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က အမှာာစကားပြောပြီး တက္ကသိုလ်က ထူးချွန်ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံမှုအပြီးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂုဏ်ပြုညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဘော်စတွန်ကိုသွားပြီး ဆုမယူခင် နယူးယောက်မြို့မှာရှိတဲ့ မြန်မာတွေနဲ့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှာ တွေ့ဆုံခဲ့ပါသေးတယ်။
အဲဒီလိုတွေ့ဆုံရာမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်အစိုးရ လုပ်ဆောင်နေတဲ့ ပညာရေးကဏ္ဍမြှင့်တင်ရေး၊ လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကဏ္ဍမြှင့်တင်ရေး တို့အား ဦးစားပေးဆောင်ရွက်နေမှု၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာအသိုက်အ၀န်းအနေဖြင့်လည်း တဦးအပေါ်တဦးမေတ္တာနှင့် နေထိုင်သွားကြရန်၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအား အလေးထားပြီး မိမိနိုင်ငံအပေါ် သံယောဇဉ်ထားရှိရန်၊ မြန်မာနိုင်ငံအကျိုးအတွက် စေတနာသန့်သန့်ဖြင့် ကူညီကြရန် တိုက်တွန်းခဲ့တယ်လို့ နိုင်ငံခြားရေးဌာနသတင်းမှာ ဖော်ပြပါတယ်။
သူ့အနေနဲ့ သဘာဝသယံဇာတ အရင်းအမြစ်ကို မှီခိုခြင်းထက် ပြည်သူ၊ ပြည်သားများရဲ့ လူသားအရင်းမြစ်ကိုမှီခို အလေးထားတယ်လို့လည်း ပြောခဲ့ပါတယ်။










