DVB Logo
Home
Lead Story
မန္တလေးမြို့က စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲ
DVB
·
September 17, 2016
မန္တလေးမြို့က စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲ
1 / 2
Donate to DVB

 မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကတော့ မဲဆွယ်စည်းရုံးမှုတွေ စတင်နေပါပြီ။ ဟိုနား၊ သည်နား၊ ဟိုနေရာ၊ သည်နေရာ နေရာတော်တော်များများကို လှည့်ပတ်သွားကြည့်လိုက်တာ၊  အလှပြယာဉ်ကြီးတွေ တူညီဝတ်စုံတွေနဲ့ ဆိုင်ကယ်တန်း၊ ကားတန်းတွေနဲ့ အသံချဲ့စက်ကြီးတွေ မိုင်ကုန်ဖွင့်လို့ ပျော်နေ အော်နေ ကြတာ ကြည့်သူကိုတောင် အပျော်ကူးစက်ပါတယ်။

မန္တလေးမှာ ကိုယ့်မြို့နယ်အလိုက် မဲပေးရွေးချယ်ရမယ့် သူတွေက အများကြီး၊ အားရှိပါးရှိရွေး မွှေနှောက်ပြီးမှ ကိုယ့်စိတ်ကြိုက် မဲမေးလို့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အောင်မြေသာစံမြို့နယ်ကနေ ၀င်ပြိုင်သူက ၅ ယောက်၊ ချမ်းအေးသာစံမြို့နယ်က  ၆ ယောက်၊ မဟာအောင်မြေမြို့နယ်က  ၁၁ ယောက်၊ ချမ်းမြသာစည်မြို့နယ်က ၆ ယောက်၊ ပြည်ကြီးတံခွန်မြို့နယ်က  ၃ ယောက်နဲ့ အမရပူရမြို့နယ် က ၃ ယောက် ၀င်ရောက်ယှဉ်ပြိုင်ကြ လို့ပါပဲ။

အများဆုံးကတော့  မဟာအောင်မြေမြို့နယ်ဖြစ်သွားတာပေါ့။ ၀င်ပြိုင်ကြသူ အားလုံးကို ကြည့်မယ်ဆိုရင် အရင်နှစ်က ၀င်ရောက်ယှဉ်ပြိုင်ထားသူတွေလည်း ပါသလို ဒီနှစ်မှ ကနဦး ၀င်ပြိုင်ကြသူတွေလည်း ပါတယ်။ တချို့က ပါတီဝင်တွေ၊ တချို့က စာရေးဆရာ မျိုးရိုး၊ တချို့က ကုန်သည်ပွဲစား၊ တချို့ကတော့ ပရဟိတ သမား၊ တချို့ကတော့ ကုမ္ပဏီ ပိုင်ရှင်တွေ၊ တချို့က အစိုးရ၀န်ထမ်း အမျိုးကတော့ စုံလို့ပါပဲ။

    အားလုံးသော ကော်မတီဝင်လောင်းတွေကတော့ မန္တလေးကို ချစ်ကြတဲ့ သူတွေချည်း ဖြစ်မယ်ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရွေးချယ်ခံရလို့ ကော်မတီဝင်ဖြစ်သွားခဲ့ရင်တောင် တလကိုမှ ငွေလေးသိန်းပဲ အစိုးရကပေးမှာ။ အခု ၀င်ရောက်ယှဉ်ပြိုင်ကြသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုကြည့်ရင်  တလ ငွေလေးသိန်းဆိုတာ ကလေးမုန့်ဖိုးတောင် ပေးလို့လောက်ဟန် မတူပါဘူး။ ဒါပေမယ့်လည်း သူတို့ပြိုင်ကြတယ်လေ။ အကောင်းတွေးလေး တွေးကြည့်ပေါ့။

    တခုပဲ တွေးမိပါတယ်။ မန္တလေးကို ချစ်ကြတဲ့သူတွေ၊ မန္တလေးကို အကောင်းတွေပြည့်လာအောင် ပြောင်းလဲချင်သူတွေ၊ မန္တလေးကို ချစ်တဲ့စိတ်တခုတည်းနဲ့ ၀င်ပြိုင်ကြမယ်ဆိုရင်တော့ စိတ်ဓာတ်ခိုင်မာဖို့ လိုအပ်တယ်ဆိုတာပါပဲ။  သိကြတဲ့ အတိုင်းပါပဲ။ စည်ပင်သာယာဆိုတာ လူထုနဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရတဲ့  လုပ်ပိုင်ခွင့် အများဆုံး၊ ငွေအ၀င်ဆုံး(ငွေအ၀င်ဆုံးဆိုတာ အခွန်တော်ငွေကိုပြောတာနော်) ဌာနကြီးတခုပဲ မဟုတ်လား။ ဒီလိုဌာနကြီးမှာ ခေတ်အဆက်ဆက်က အကျင့်ပါလာတဲ့ အကျင့်ဆိုးတွေ၊ အကျင့်ပျက် ခြစားမှုတွေ၊ လာဘ်ပေးလာဘ်ယူသူတွေ၊ အထက်ဖားအောက်ဖိ အရာရှိတွေ၊ ကြီးနိုင်ငယ်ညှင်းသမားတွေက ဒီဘက်ခေတ်ထိ ကျန်မနေဘူးလို့ ပြောလို့မရပါဘူး။      ဌာနတွင်းမှာ ရှိကောင်းရှိနေနိုင်တယ်။ ကျန်ကောင်းကျန်နေနိုင်ပါသေးတယ်။

    ဒီလိုနေရာမျိုး၊ ဒီလိုလူမျိုးစုံရှိတဲ့ နေရာမှာ ပင်ကိုယ်စိတ်ခံကောင်းလေး တခုနဲ့တင်  မန္တလေးကို ကယ်တင်ဖို့ကြိုးစားကြရမှာပါ။ အဲဒီတော့ ကော်မတီဝင်လောင်းတယောက်အနေနဲ့ တော်ရုံ စကေး၊ တော်ရုံစိတ်ဓာတ်နဲ့ဆိုရင်တော့ ကော်မတီဝင်လောင်းတွေကို စားပွဲပေါ်တင်ပြီး လက်ကလေးနဲ့ တောက်သွားနိုင်ပါတယ်။ ဒါဟာ တကယ်ကို အလေးထား၊ သတိထားရမယ့် အချက်ဖြစ်နေနိုင်ပါတယ်။

    စည်ပင်သာယာရေးကော်မတီဝင်လောင်းတွေအနေနဲ့ အထူးသတိပြုရမယ့် အချက်တွေရှိနေပါသေးတယ်။ သိကြတဲ့အတိုင်း မန္တလေးဆိုတာ အင်မတန် ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသ ဆိုပြီး အစွဲအလမ်းကြီးလွန်းတဲ့ မြို့ပါ။ အကောင်းတွေပဲ ဖြစ်စေချင်ကြတာ။ အပန်းဖြေဥယျာဉ်ရယ်လို့ လောက်လောက်လားလား မရှိဘူး။  မြို့တွင်း ဘတ်စ်ကားလိုင်းမရှိဘူး။ တရုတ်ဆိုင်ကယ်အပေါဆုံးမြို့၊ ရေဆိုးမြောင်းစနစ် မကောင်းတဲ့မြို့၊ လုယက်မှုတွေ လှိုင်လာတဲ့မြို့၊ မြို့လယ်ခေါင်မှာ ဒေသခံတွေ နည်းလာတဲ့မြို့၊ ဒါတွေကို  ဘယ်လိုလုပ်ပေးနိုင်ကြမလဲဆိုတာ ကော်မတီဝင်လောင်းတွေရဲ့ ပင်ကိုယ်အရည်အသွေးတွေကို စောင့်ကြည့်သွားရတော့မှာပါ။

    ဘယ်လိုကော်မတီဝင်လောင်းတွေက ဘယ်လိုစည်းရုံးမှုမျိုးနဲ့ မဲဆွယ်ခဲ့သည်ဖြစ်စေ ဒေသခံတွေအနေနဲ့ကတော့ တခါသေဖူး ပျဉ်ဖိုးနားလည်ဆိုသလို လက်လွှတ်စပယ် မဲပေးကြတော့မယ် မထင်ပါဘူး။ သေချာလေ့လာစောင့်ကြည့်ကြမှာ အမှန်ပါ။ ဒါကြောင့် ကော်မတီဝင်လောင်းတွေအနေနဲ့လည်း ကိုယ့်မြို့နယ်မှာ ရှိတဲ့ဒေသခံပြည်သူတွေဆီကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဖို့ လိုပါတယ်။ ကော်မတီဝင်လောင်းတွေမှာ ဘယ်လိုအရည်အချင်းတွေရှိပြီး လူထုက ဘယ်လောက်အားကိုးချင်၊ ယုံကြည်ချင်၊ ထောက်ခံချင်လာမလဲဆိုတာ အရည်အချင်း ထုတ်ပြရမယ့် အချိန်ပါ။

    မဲပေးမယ့် အိမ်ထောင်စုတိုင်းက ကိုယ့်ကိုသိနေမှ၊ ကိုယ့်အရည်အချင်းကို ပြသထားနိုင်မှ၊ ကိုယ့်စွမ်းဆောင်ရည်ကို မြှင့်တင်ထားနိုင်မှ၊ လူထုနဲ့ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံထားပါမှ အိမ်ထောင်စုတိုင်းရဲ့ ထောက်ခံမှုကို အပြည့်အ၀ ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကော်မတီဝင်လောင်းတွေအနေနဲ့ ပင်ကိုယ်စိတ်အပြင်၊ အတွန်းအတိုက်ခံနိုင်ရည်ရှိဖို့၊ အထုအထောင်း ခံနိုင်ရည်ရှိဖို့နဲ့ စည်ပင်သာယာရေးဌာနရဲ့ အချို့သော အရာတွေကို ပြောင်းလဲပစ်နိုင်ဖို့ အားကုန်ကြိုးစား ဆောင်ရွက်နိုင်ကြရမှာဖြစ်ပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင်လောင်းအဖြစ် စာရင်းတင်သွင်းထားစဉ် အချိန်ကာလကတည်းက မန္တလေး အသိုင်းအ၀ိုင်းမှာတော့ လှုပ်လှုပ်ရှားရှားပါပဲ။ ဟိုဟိုသည်သည် အပြေးအလွှား သတင်းကြားရာဆီကိုသွားကြည့်နေစရာတောင် မလိုပါဘူး။ ကိုယ့်အသိ၊ သူ့အသိ၊ ကိုယ့်မိတ်ဆွေ၊ သူ့မိတ်ဆွေတွေက လူမှုကွန်ယက်ကတဆင့် ဘယ်သူက ဘယ်ပါတီထဲကို ၀င်သွားတယ်။ ဘယ်သူကတော့ဖြင့် ပါတီဝိတ် သုံးပြီးဘာတွေ လုပ်နေတယ်။ ဘယ်သူကတော့ဖြင့် ဘယ်နေရာမှာ ငွေတွေ ပုံပေးနေတယ်နဲ့ သတင်းအစုံအလင်ကို သိရ၊ကြားရ၊ ဖတ်ရ၊ မြင်နေရတာပါပဲ။

ဒါကတော့ ထုံးစံပါပဲ။ မြန်မာနိုင်ငံရဲ့ ဘယ်လိုရွေးကောက်ပွဲကိုပဲ ပြန်ကြည့်ကြည့် အနည်းနဲ့အများကတော့ ဒီလိုမျိုးတွေ တွေ့ရတာပါ။ တရားဝင် မဲဆွယ်ခွင့် မရခင်အချိန်မှာကတည်းက ရပ်ကျေးတွေ၊ ကွက်စိပ်တွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ တိုးတိုးတိတ်တိတ် တွေ့ဆုံ၊သူတို့က ကိုယ်စားလှယ်လောင်းကို ရပ်ကွက်က လူတွေနဲ့ လိုက်မိတ်ဆက်ပေးနေတယ် ဆိုတဲ့ သတင်းတွေကလည်း လူမှုကွန်ယက်မှာ ဟုန်းဟုန်းထလို့ပါပဲ။

    ကော်မတီဝင်လောင်းတွေနဲ့ ကိုယ်စားလှယ်တွေအတွက် မဲဆွယ်စည်းရုံးတဲ့ အချိန်မှာ လိုက်နာရမယ့် စည်းကမ်းတွေ ရှိပါတယ်။ အဲဒီစည်းကမ်းချက်တွေထဲက အပိုဒ်(၃)မှာ ရေးထားတာကတော့ -ကော်မတီဝင်လောင်းသည် မဲဆွယ်စည်းရုံးရာတွင် နိုင်ငံရေးပါတီ အထိမ်းအမှတ်တံဆိပ်၊ အလံ၊ ပါတီရုံး/ ခန်းမ၊ ယာဉ်များအသုံးပြု၍ မဲဆွယ် စည်းရုံးခွင့်မပြု၊ ခွင့်မပြုပါ။ မိမိကြိုက်နှစ်သက်ရာ ၀တ်စုံကို ၀တ်ဆင်၍စည်းရုံးနိုင်ပါသည်လို့ ဖော်ပြထားပါတယ်။

    ဒီစည်းကမ်းချက်ကို ကြည့်ရင်ကော်မတီဝင်လောင်းတွေဟာ ပါတီဝင်ဖြစ်နေခဲ့ရင်တောင် ပါတီဝိတ်သုံးပြီး စည်းရုံးရေးဆင်းလို့မရဘူးဆိုတာပါပဲ။ ဒါပေမယ့်လည်း အခု မန္တလေးက တချို့ မြို့နယ်မှာ ဖြစ်နေတာက ပါတီထဲကို ၀င်ပြီးပါတီ ၀ိတ်နဲ့ စည်းရုံးရေးဆင်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါပဲ။

နောက်တချက်ကတော့ ကော်မတီဝင်လောင်းတွေ လှည့်လည်စည်းရုံးကြတဲ့အခါ အလှပြယာဉ်ပေါ်က  အသံချဲ့စက်တွေကို မိုင်ကုန်ဖွင့်ကြတော့ ဒေသခံပြည်သူတွေမှာ ရင်တွေ ကတုန်ကယင်နဲ့ပါ။ အသံချဲ့စက်သံက တမျိုး၊ ရှေ့ပြေးဆိုင်ကယ်တွေက တသွယ် တတီတီတတူတူ နဲ့ဆိုတော့ ပင့်သက်မောကြီးတွေချလို့ပေါ့။ မန္တလေးမြို့ခံအများစု စဉ်ဆက်မပြတ် တောင်းဆိုနေတာကို သတိထားစေချင်ပါတယ်။ အသံချဲ့စက်တွေရဲ့ ဆူညံသံတွေကို ထိန်းချုပ်ပေးဖို့ဆိုတဲ့ အချက်ပါပါတယ်။

    ဒေသခံတွေက ရွေးချယ်မဲပေးကြမယ်၊ ကော်မတီဝင်လောင်းတွေက ကော်မတီဝင်ဖြစ်သွားခဲ့ရင်  အများနည်းတူ၊ ဒုံရင်းပုံစံမဟုတ်ဘဲ မန္တလေးမြို့ကို အမှန်တကယ် ချစ်တဲ့စိတ်နဲ့ အားသွန်ခွန်စိုက်ဆောင်ရွက်ဖို့သာ လိုအပ်ပါတော့တယ်။  

သင်းသင်းသော်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013