DVB Logo
Home
မြန်မာသတင်း
ရခိုင်ကော်မရှင်ဖွဲ့တာ တရားမ၀င်ဟု ပါတီ ၁၁ ခု ပြော
DVB
·
September 17, 2016
ရခိုင်ကော်မရှင်ဖွဲ့တာ တရားမ၀င်ဟု ပါတီ ၁၁ ခု ပြော
Donate to DVB

ရခိုင်အကြံပေးကော်မရှင်ဖွဲ့ခဲ့တာ တရားမ၀င်ဘူးလို့ ပြည်ခိုင်ဖြိုးပါတီ အပါအ၀င် ပါတီ ၁၁ ခုက သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနဲ့ ပါတီ ၁၀ ခုက ခေါင်းဆောင်များ စက်တင်ဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ထိုး ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ အခုလို ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွှတ်ခြင်း မရှိကြောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်အချို့က ကန့်ကွက်ခဲ့ပါသည်။ ထို့ကြောင့် ဥပဒေ၏လုပ်ပိုင်ခွင့်တွင် မပါဝင်သော ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ထပ်ဆင့်ဖွဲ့စည်းခဲ့သည့် အမိန့်မှာ မူလကပင် တရားမ၀င်ကြောင်း”

ဒါ့အပြင် ရိုဟင်ဂျာဆိုတာကို တိုင်းရင်းသားလူမျိုးတမျိုးအဖြစ် လိုက်လျောလိုက်မှာကို စိုးရိမ်တယ်ဆိုတဲ့အချက်အပါအ၀င် စိုးရိမ်ချက် ၆ ချက်ကိုလည်း ဖော်ပြထားပါတယ်။

ပြည်ထောင်စုတိုင်းရင်းသားများရဲ့ဆန္ဒနဲ့ စိုးရိမ်ချက်တွေကို လျှစ်လျုရှုပြီး လုပ်ဆောင်မယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေဟာ အစိုးရတာဝန်ပဲလို့ ဖော်ပြထားပေမယ့် တိုင်းရင်းသား ဘယ်နှစ်ရာခိုင်နှုန်းကို ကိုယ်စားပြုပြောသလဲဆိုတာတော့ ပါမလာပါဘူး။

ရန်ကုန်က တရားလွှတ်တော်ရှေ့နေ ဦးကိုနီကတော့ ရခိုင်ကော်မရှင်ကို လွှတ်တော်က အတည်ပြုထားတာဖြစ်လို့ တရားဝင်တယ်လို့ ပြောပါတယ်။

“အတိုင်ပင်ခံဥပဒေရည်ရွယ်ချက်မှာ ပါပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော် အတွက် လိုအပ်တဲ့ အကြံဉာဏ်တွေပေးဖို့ ခန့်ထားတာပါ၊ အစိုးရအဖွဲ့ကိုဖြစ်စေ လွှတ်တော်ကို ဖြစ်စေ အကြံဥာဏ်ပေးနိုင်တဲ့ အခွင့်အာဏာ သူ့မှာ ရှိပါတယ်။ သူက အကြံဥာဏ်ပေးရမယ့် ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူ့ကို အကြံကောင်း ဉာဏ်ကောင်းတွေ ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ ရခိုင်ပြဿနာကို သူ့အနေနဲ့ လိုအပ်သလို အကြံပေးနိုင်အောင် အချက်အလက်တွေ သူ့ကို တင်ပြဖို့ အကြံပေးအဖွဲ့ကို ဖွဲ့တာဖြစ်တဲ့အတွက် ဒီကိစ္စသည် လုံးဝ ဥပဒေနဲ့ညီတယ်။ အတိုင်ပင်ခံဥပဒေရဲ့ အောက်မှာပဲ လုပ်သွားတာ ဖြစ်တယ်၊ ပြီးတော့ ဒီအဖွဲ့ကို လွှတ်တော်က အတည်ပြုထားပြီးပြီ ဖြစ်တဲ့အတွက် လွှတ်တော်ဆိုတာ ပြည်သူပဲဗျ။ အဲ့တော့ ပြည်သူတရပ်လုံးက အတည်ပြုထားပြီး ဖြစ်တဲ့အတွက် ဒါကို တရားမ၀င်ဘူးလို့ လွယ်လွယ် မပြောသင့်ဘူး။”
ကြေညာချက်ထဲ လက်မျတ်ထိုးကြတဲ့ ပါတီတွေထဲမှာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု၊ ခေတ်သစ်ပြည်သူ့ပါတီ စတဲ့ ပါတီတွေ ပါဝင်ပါတယ်။

ရခိုင်အကြံပေးကော်မရှင်ကို ဖျက်သိမ်းသင့်တယ်လို့ ကြေညာချက်ထုတ်ထားတဲ့ ရခိုင်အမျိုးသား ပါတီက အလားတူကြေညာချက်ထုတ်တဲ့ ပါတီများကို ထောက်ခံကြောင်း ကြေညာချက်တစောင် ဒီနေ့ ထပ်ထုတ်မှာဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် ကိုဖီအာနန်  ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် မယ့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို အဖွဲ့ဝင် ၉ ဦးနဲ့ မြန်မာအစိုးရက ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ဖွဲ့စည်းခဲ့တာဖြစ်ပြီး နှစ်ဘက်အလုပ်သဘောစာချုပ်ကိုတော့ စက်တင်ဘာလ ဆန်းက လက်မှတ်ထိုးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013