DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးပွဲ အောက်တိုဘာ စနိုင်ရန် ပြင်ဆင်
DVB
·
September 17, 2016
နိုင်ငံရေးဆွေးနွေးပွဲ အောက်တိုဘာ စနိုင်ရန် ပြင်ဆင်
Donate to DVB

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို အောက်တိုဘာလမှာ စတင်ဆွေးနွေး နိုင်မယ်လို့ မျှော်လင့်ထားပြီး ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီမှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။

မနေ့က ရန်ကုန်မြို့ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)မှာလုပ်တဲ့ ပဉ္စမအကြိမ် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောခဲ့တာ ဖြစ်ပါတယ်။

“ဖေဖော်ဝါရီလမှာကျင်းပမယ့် ဒုတိယအစည်းအဝေး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု မတိုင်ခင်မှာ အမျိုးသားနိုင်ငံရေးအဆင့် ဆွေးနွေးပွဲတွေကို အားလုံး ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပါဝင်လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ အထူးသဖြင့် ဒုတိယအကြိမ် အစည်းအဝေးကျရင် ပထမအကြိမ်ထက် ပိုတဲ့ဆုံးဖြတ်ချက်တွေ ချမယ်။ အဲဒီအခါမှာ ပိုပြီးအရေးကြီးပြီး ပထမအကြိမ်ထက် ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုက ပိုများလာပါမယ်။ မူဘောင်ထဲကနေ ဆိုင်တဲ့အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို အောက်တိုဘာလမှာ စတင်ဆွေးနွေး နိုင်မယ်လို့ မျှော်လင့်ရမှာဖြစ်ပါတယ်။"

နိုင်ငံရေးမူဘောင်ဆိုင်ရာပြန်လည်သုံးသပ်တဲ့ အစည်းအဝေးကို အစိုးရ၊ နိုင်ငံရေးပါတီနဲ့ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကိုယ်စားလှယ်တို့ တက်ရောက်ကြပေမယ့် အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ တပ်ဖွဲ့ကိုယ်စားလှယ်တို့ တက်ရောက်ခြင်း မရှိပါဘူး။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးပူးတွဲကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့်က အစိုးရက လက်မှတ်မထိုးသေးတဲ့တပ်ဖွဲ့တို့ရဲ့ နိုင်ငံရေးဆွေးနွေးမယ့်အဖွဲ့ ဒီပီအန်နဲ့စက်တင်ဘာ ၁၅ ရက်မှာ ဆွေးနွေးပြီး ၁၆၊ ၁၇ မှာ နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲဆက်ဖို့ စီစဉ်ထားပေမယ့် ဒီပီအန် အဖွဲ့ မရောက်လာဘူးလို့ ပြောပါတယ်။

“၁၅ ရက် တရက်တည်းနဲ့လည်း ဒီပီအန်နဲ့ကိစ္စက ပြီးပြတ်ပါ့မလား ဆိုတဲ့ဟာကလည်း သူတို့ စဉ်းစားပုံပေါ်ပါတယ်။ ဒီပီအန်နဲ့ ညှိနှိုင်းနေတဲ့ကိစ္စတွေမှာ ဆုံးဖြတ်ပေးနိုင်တဲ့သူလည်း ဒီမှာ ရှိသလားဆိုတဲ့ ကိစ္စကောလေ၊ မူဘောင်သုံးသပ်ပွဲကို အကြောင်းအများကြီးတော့ တိုက်ဆိုင်သွားမှာပေါ့။ အဲ့ဒါကြောင့် မတက်တာဖြစ်နိုင်ပါတယ်”

ဒီပီအန်အဖွဲ့က တောင်းဆိုထားတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အစိုးရဘက်က အကြောင်းမပြန်သေးတာကြောင့် မတက်တာလည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

အခု လုပ်နေတဲ့ မူဘောင်ဆွေးနွေးပွဲမှာတော့ အမျိုးသား နိုင်ငံရေးအဆင့် ဆွေးနွေးပွဲတွေကို ဘယ်ပုံဘယ်နည်းသွားကြမလဲဆိုတာကို အာရုံစိုက် ဆွေးနွေးနေကြပါတယ်။

အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲလုပ်ဖို့ ၉ ဦးပါ အလုပ်အဖွဲ့တခုကို မနေ့က ဖွဲ့စည်းခဲ့ပြီး ဒီအဖွဲ့က ဆွေးနွေးပွဲမူကြမ်းတခု ရေးဆွဲတင်ပြမှာ ဖြစ်ပါတယ်။

၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ် မစတင်မီစပ်ကြား အစိုးရနဲ့ လက်မှတ်မထိုးသေးတဲ့တပ်ဖွဲ့တို့ အပစ်ရပ်လက်မှတ်ထိုးကြဖို့ လိုအပ်နေသေးပြီး လတ်တလောမှာတော့ ကချင်နဲ့ ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013