
မြန်မာ့ထိပ်တန်း ကုမ္ပဏီတွေအနေနဲ့ အများပြည်သူသိရှိဖို့ လိုအပ်တဲ့သတင်းအချက်အလက်တွေ ထုတ်ပြန်ဖို့ အားနည်းနေဆဲဖြစ်ကြောင်း မြန်မာ့ကုမ္ပဏီများ ပွင့်လင်းမြင်သာမှု လေ့လာခြင်း ပွင့်သစ်စ စီမံချက် (MCRB) မှာ ဖော်ပြထားပါတယ်။
မြန်မာ့ထိပ်တန်း ကုမ္ပဏီပေါင်း ၁၀၀ ထဲက ကုမ္ပဏီ ၃၄ ခုမှာ အင်တာနက် စာမျက်နှာ (Website) ဖွင့်လှစ်ခြင်း မရှိဘဲ တချို့ ကုမ္ပဏီတွေမှာလည်း ကောင်းမွန်စွာ လည်ပတ်ခြင်းမရှိကြောင်း MCRB မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ပွင့်လင်း မြင်သာမှု အရှိဆုံး ကုမ္ပဏီအဖြစ် အများပိုင် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ FMI ကုမ္ပဏီက အဆင့်တစ်အဖြစ် ရွေးချယ်ထားပြီး၊ နံပါတ်နှစ်မှာ Serge Pun & Associate (SPA)၊ နံပါတ်သုံးမှာ မက်စ်မြန်မာ ကုမ္ပဏီတို့က အစဉ်လိုက် ရပ်တည်ခဲ့နေပြီး၊ တခြားထိပ်တန်း ကုမ္ပဏီကြီးတွေဖြစ်တဲ့ ရွှေတောင်၊ အေးရှားဝေါ၊ ထူးအုပ်စု ကုမ္ပဏီတွေဟာ ပွင့်လင်းမြင်သာမှု အဆင့် နံပါတ် ၁ဝ အောက်မှာ ရှိနေကြောင်း MCRB က ဆိုပါတယ်။
ဒီစီမံချက်ဟာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှာ အခွန် ထမ်းဆောင်မှု အများဆုံး ဖြစ်တဲ့ ကုမ္ပဏီပေါင်း ၁၀၀ ကို အကဲဖြတ် ဆန်းစစ်ခဲ့တာဖြစ်ပါတယ်။











