
အမေရိကန်ကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်ရန်အတွက် နယူးယောက်မြို့ကို ရောက်နေပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၀ါရှင်တန်မှာ အမေရိကန်သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံဆွေးနွေးအပြီး ကုလညီလာခံတက်ဖို့ နယူးယောက်ကို ဆက်လက်ထွက်ခွာခဲ့တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဟားဗတ် တက္ကသိုလ်၊ ဟားဗတ်ဖောင်ဒေးရှင်းက ချီးမြှင့်မယ့် ၂၀၁၆ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဆုကို ဒီကနေ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ လက်ခံရယူမှာဖြစ်ပါတယ်။
စက်တင်ဘာ ၁၉ ရက်မှာ နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာကျင်းပမယ့် ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ပြီးမိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။
ဒါ့အပြင် နှစ်ပေါင်း ၆၀ ခန့်အတွင်း ပထမဆုံးအကြိမ် မြန်မာအရပ်သားအစိုးရ ခေါင်းဆောင် တဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၂၁ ရက်မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြော ဖို့ရှိပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ၁၆ ရက်ကြာ ဗြိတိန်နဲ့ အမေရိကန်ခရီးစဉ်ကို စက်တင်ဘာ ၁၀ ရက်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။











