
ဗိုလ်မှူးလင်မယား နှစ်ယောက်သေဆုံးမှုမှာ အမျိုးသမီးရဲ့ မိသားစုတွေက ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အမျိုးသမီးရဲ့ မိသားစုဝင်တွေကတော့ ခရစ်ယန် သင်းအုပ်ဆရာတွေနဲ့ စက်တင်ဘာ ၁၆ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်က အမျိုးသမီး ဓားထိုးဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ရှိခဲ့တဲ့ နေရာမှာ ဝတ်ပြုဆုတောင်းခဲ့ကြတာပါ။
ဒေါက်တာဒေါ်ခင်စန္ဒီကျော်ကို တပ်ကုန်း - ကင်းသာ - ပင်လောင်း လမ်း မိုင်တိုင် ၅/၁ နဲ့ ၅/၂ ကြား မှာ စက်တင်ဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီ အချိန်က တွေ့ရှိခဲ့တာပါ။
ဗိုလ်မှူးဝေဖြိုးအောင်ကို ကားအတွင်း ဓားထိုးဒဏ်ရာတွေနဲ့ စက်တင်ဘာ ၁၃ ည ၁၀ နာရီ အချိန်က တပ်ကုန်း ကင်းသာ ပင်လောင်း မိုင်တိုင် ၈/၅ မိုင်မှာ တွေ့ရှိခဲ့ပြီး အသက် ၄ နှစ်အရွယ် ကလေးငယ် (သူတို့ သမီး)ကို တွေ့ရှိခဲ့တာပါ။
အဲ့ လင်မယား နှစ်ယောက်ရဲ့ သမီး အသက် ၄ နှစ် အရွယ် ကလေးက သူမြင်တွေ့ခဲ့တာကို အခုလိုပြောပြခဲ့တယ်လို့ သေဆုံးသူ အမျိုးသမီးရဲ့ မိသားစုဝင် တစ်ဦးက အခုလိုပြောဆိုခဲ့ပါတယ်။
"ဒယ်ဖေကြီးက ဒယ်မေကြီးကို သတ်လိုက်တယ်။ လည်ပင်းကို ဓားနဲ့သုံးချက်လှီးလိုက်တယ်။ ဗိုက်ကိုလဲ ဓားတွေနဲ့ထိုးတယ် ပြီးတော့ မေကြီးကို အဝေးကြီးကိုသွားလွှင့်ပြစ်လိုက်တယ် လွှင့်ပြစ်ပြီးတော့ ဒယ်ဖေကြီးနဲ့ မီးမီး ကားမောင်းပြီးထွက်လာကြတယ်။ ကားရပ်ပြီးတော့ ဒယ်ဖေကြီးက သူဖာသာသူ ဓားနဲ့ထိုးတယ်။ ဒယ်ဖေကြီးအိပ်ပြီးမှ မီးမီးလဲအိပ်ပျော်သွားတယ်။" ဆိုပြီး ကလေးငယ်က ပြောပြခဲ့တယ်လို့ သေဆုံးသူ အမျိုးသမီးရဲ့ ခဲအို (အစ်မယောက်ျား)ဖြစ်သူ ဦးစစ်နိုင်က ဝတ်ပြုဆုတောင်းပွဲအပြီးပြောတာပါ။
လင်မယားနှစ်ယောက်သေဆုံးမှုကို မိသားစုဝင်တွေကတော့ လူသတ်မှုနဲ့ အပြန်အလှန် တရားစွဲထားကြပါတယ်။
သေဆုံးမှုကိုတော့ စီအိုင်ဒီက ဆက်လက်စုံစမ်းစစ် ဆေးနေတယ်လို့သိရပါတယ်။











