
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သင်္ဘောဆိပ်ကျေးရွာမှာ စက်တင်ဘာ ၁၃ ရက်နေ့က မိသားစုတစ်စု ငါးပူတင်းစားသုံးရာက အဆိပ်သင့်ပြီး နှစ်ဦး သေဆုံးခဲ့ပါတယ်။
သဘောင်္ဆိပ်ကမ်းခြေမှာနေထိုင်တဲ့ ကိုသန်းနိုင်ရဲ့ သားဖြစ်သူက ငါးသွားမျှားရာက ဒေသအခေါ် ဇင်းဝမ်းပူလို့ခေါ်တဲ့ ငါးပူတင်းငါး နှစ်ကောင် ရရှိတဲ့အတွက် မိခင်ကိုပေးပြီး ဟင်းချက်ခိုင်းကြောင်း၊ ဒီနောက် အိမ်မှာ မိသားစု ၆ ဦးရှိတဲ့အနက်က မိခင်တစ်ဦးသာ မစားဘဲ ကျန်မိသားစုဝင် ၅ ဦးက စားသုံးခဲ့ကြရာကနေ အခုလို အဆိပ်မိပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ငါးဟင်းကို စားသုံးပြီး ၁ နာရီလောက်အကြာမှာ ကိုသန်းနိုင်ဟာ မူးဝေ အော့အန်လာတဲ့အတွက် ပတ်ဝန်းကျင်အကူအညီနဲ့ ထားဝယ်ပြည်သူ့ဆေးရုံးကို တင်ပို့ ကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့တယ်လို့ လိုက်ပါကူညီပေးနေသူ ဒေသခံတဦးက ပြောကြားခဲ့ပါတယ်။
အဲ့လိုဖြစ်ပွားခဲ့တဲ့အတွက် ဆေးရုံ တာဝန်ရှိသူတွေက ငါးပူတင်းဟင်း စားမိသူတွေ ရှိနေသေးပါက ဆေးရုံ အမြန်ခေါ်လာခဲ့ဖို့ ပြောကြားတဲ့အတွက် အိမ်မှာကျန်ရှိနေတဲ့ သားသမီးလေးဦးအပြင် အခြားအိမ်မှ ကလေးတစ်ဦးကိုပါ ဆေးရုံ တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။
သမီးဖြစ်သူ မအေးအေးအောင်မှာ ဆေးရုံရောက်ပြီး သွေးအန်ကာ သေဆုံးသွားခဲ့ကြောင်း၊ ကျန်ရှိ ကလေး လေးဦးကိုလည်း အရေးပေါ် ကုသပေးနေတယ်လို့ ဆိုပါတယ်။
အသက်ခြောက်နှစ်အရွယ်မိန်းကလေးနဲ့ အသက် ခုနှစ်အရွယ် ယောက်ျားလေး မောင်နှမနှစ်ဦးဟာ စက်တင်ဘာ ၁၄ ရက်နေ့မှာတော့ ဆေးရုံကနေ ဆင်းနိုင်ပြီ ဖြစ်ပြီး အသက် ၁၁ နှစ် အရွယ် ယောက်ျားလေးနှစ်ဦးကိုတော့ ဆေးရုံမှာ ဆက်လက်ကြပ်မတ် ကုသပေးနေတယ်လို့ တာဝန်ကျ ဆရာဝန်က ပြောကြားခဲ့ပါတယ်။
ငါးပူတင်းကို အချို့ဒေသခံတွေ အမြဲစားသုံးလေ့ရှိပြီး အခုလို အဆိပ်မိရတာဟာ ငါးပူတင်းသည်းခြေ ပေါက်သွားတဲ့အတွက် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငါးပူးတင်း စားသုံးတဲ့ဒေသခံ မဒါလီမျိုးက “ညီမတို့ ခါတိုင်းစားနေတဲ့ ငါးပူတင်းကျတော့ ငါးပူတင်းအဖြူ။ နောက်ပြိးတော့ ငါးပူတင်းရွှေဝါ၊ အဲဒီလိုမျိုး နှစ်မျိုးပဲ စားဖူးသေးပါတယ်။ အခု စားတဲ့ ငါးပူတင်းကျတော့ ငါးပူတင်းသံခဲလို့ သူတို့ ခေါ်ကြတယ်ရှင့်။ အဲဒါကြောင့်မို့လို့ အဆိပ်ဖြစ်တာလား မသိဘူးရှင့်။ ညီမတို့ စားတဲ့ နှစ်မျိုးနဲ့ လုံးဝ မတူလို့ပါ” လို့ ပြောပါတယ်။
သတင်းဓာတ်ပုံ - ထွန်းကျော်မောင်











