
နယ်သာလန်နဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေမှ တိရစ္ဆာန်အစားအစာနဲ့ နို့ထွက်ပစ္စည်းလုပ်ငန်းတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ဖက်စပ် ကြက်သားပေါက်မွေးမြူရေး လုပ်ငန်းတခု တည်ထောင်သွားမယ်လို့ Globalmeatnews သတင်းမှာ စက်တင်ဘာ ၁၃ ရက်နေ့က ဖော်ပြပါတယ်။
ဘယ်လ်ဂါမြန်မာ (Bel Ga Myanmar) အမည်ရတဲ့ ဒီဖက်စပ်လုပ်ငန်းဟာ လာမယ့် ၂၀၁၇ ခုနှစ်၊ မေလမှာ လုပ်ငန်းစတင်လည်ပတ်မှာဖြစ်ပြီး လက်ရှိမှာတော့ ကြက်ကောင်ရေ ၁ သိန်းလောက် မွေးမြူ သွားဖို့ ရှိနေတာပါ။
ဒီလုပ်ငန်းကနေ နှစ်စဉ် နေ့သား ကြက်ပေါက်ကောင်ရေ ၁၂ သန်း ထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဘယ်လ်ဂါမြန်မာကုမ္ပဏီဟာ ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက် Belgabroed အသားနဲ့ နို့ထွက်ပစ္စည်းလုပ်ငန်းနဲ့ နယ်သာလန်နိုင်ငံအခြေစိုက် De Heus တိရစ္ဆာန်အစားအစာလုပ်ငန်းတွေနဲ့ ဖက်စပ်လုပ်ဆောင်မှာ ဖြစ်ပါတယ်။
လုပ်ငန်းစတင်ချိန်မှာ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အနည်းဆုံး ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၀ သန်းခွဲရှိမှာဖြစ်ပြီး ဒီစီမံကိန်းဖြစ်မြောက်ဖို့ ကမ္ဘာ့ဘဏ်မှ ကာလရှည်ချေးငွေ အမေရိကန်ဒေါ်လာ ၆ သန်းခွဲချေးယူဖို့ အဆိုပြု သဘောတူထားခဲ့တာပါ။
လုပ်ငန်းလည်ပတ်မယ့် မြေနေရာအကျယ်အ၀န်း လိုအပ်ချက်ဟာ စတုရန်းမီတာ ၁ သိန်း ၂ သောင်းနီးပါး ရှိလိမ့်မှာဖြစ်ပြီး ရန်ကုန်မြို့နဲ့ အနီးတ၀ိုက် ဖြစ်လိမ့်မယ်လို့ သတင်းက ဆိုပါတယ်။
နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (အိုင်အက်ဖ်စီ) ကတော့ ဒီရင်းနှီးမြှုပ်နှံမှုပမာဏကို မှန်မှန်ကန်ကန် စီမံခန့်ခွဲမှု မလုပ်ဘူးဆိုရင် ဒေသတွင်း အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ သတိပေးထားတာပါ။
ဘယ်လ်ဂါမြန်မာအနေနဲ့ လုပ်ငန်းခွင်အခြေအနေ၊ ညစ်ညမ်းမှု၊ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ ကိစ္စတွေမှာပါ သတ်မှတ်စံနှုန်းနဲ့ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။











