DVB Logo
Home
Lead Story
သေနတ်ကျည်ဆန်ကြား မနေရဲရင် မြိုင်ကြီးငူမှာ ဆင်းနေတဲ့ - စစ်ပြေးဒုက္ခသည်တဦး
DVB
·
September 15, 2016
သေနတ်ကျည်ဆန်ကြား မနေရဲရင် မြိုင်ကြီးငူမှာ ဆင်းနေတဲ့ - စစ်ပြေးဒုက္ခသည်တဦး
1 / 21
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကရင်ပြည်နယ် မယ်သဝေါဒေသမှာ အစိုးရနယ်ခြားစောင့်တပ်နဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားလို့ မြိုင်ကြီးငူဒေသကို ဒုက္ခသည် ၃ ထောင်ကျော်လောက် လာရောက်ခိုလှုံနေကြရပါတယ်။  ထီးကလိုသောကျေးရွာကနေ  ထွက်ပြေးလာတဲ့ ရွာသား စောလမူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဘယ်ရွာကနေ ထွက်ပြေးလာတာလဲ။ ဘာကြောင့် မြိုင်ကြီးငူကို ထွက်ပြေးလာရလဲ။

“ကျနော် ထီးကလိုသောရွာမှာ နေတယ်။  ထီးကလိုသောကနေ မြိုင်ကြီးငူကို ထွက်ပြေးလာတာ။ သူများတွေ တိုက်ပွဲဖြစ်လို့ ကျနော်တို့ မနေရဲတော့လို့ ထွက်ပြေးလာတာ။  ဘီဂျီအက်ဖ်နဲ့ ဗမာစစ်တပ်က ဒီကေဘီအေကို ပစ်ခတ်တာ။ ဒီကေဘီအေလည်း ပြန်ပစ်တယ်။ နှစ်ဖက်လုံး တဖက်နဲ့တဖက် ပစ်ခတ်ကြတယ်။”

ထီးကလိုသော ရွာက မြိုင်ကြီးငူနဲ့ နီးလား။

“ဆိုင်ကယ်နဲ့ဆိုရင်တော့ မိနစ် ၃၀ လောက်ကြာမယ်။”

ရွာမှာ အိမ်ခြေဘယ်လောက်ရှိလဲ။

“အိမ်ခြေ ၁၀၇ လုံးရှိတယ်။  အခု အကုန်လုံးနီးပါး ထွက်ပြေးလာတယ်။ မိသားစု ၄ စုတော့ ကျန်တယ်။ နောက် တခြားအိမ်ထောင်စုမှာလည်း တစ်ယောက်၊ နှစ်ယောက် နေခဲ့တာရှိတယ်။ လူဦးရေအားဖြင့်တော့ လူ ၂၀ ကျော်တော့ ကျန်ဦးမယ်ထင်တယ်။ ”

ဒီနေ့ လည်းတိုက်ပွဲတွေဖြစ်လား။

“ဒီအတောအတွင်းမှာ နေ့တိုင်းဖြစ်တယ်။ ”

တိုက်ပွဲ ဘာကြောင့်ဖြစ်ရတယ်လို့ သိရလဲ။

“ဒီရွာမှာ ဒီကေဘီအေ နေတယ်။ သူတို့တွေ အချင်းချင်း မကျေနပ်မှုတွေရှိမှာပေါ့။ အဲဒါကြောင့် ပစ်ကြခတ်ကြတာနေမှာပေါ့။”

တိုက်ပွဲအတွင်း ရွာသားတွေ ထိခိုက်ဒဏ်ရာရတာတွေရှိလား။

“ကျနော်တို့ရွာအခြေအနေတော့ မသိရဘူး။ ကျနော်တို့ ရွာမပြန်ရဲသေးဘူးလေ။ ထိခိုက်သေဆုံး တာရှိလားမရှိလားမသိဘူး။ ထွက်ပြေးလာတဲ့သူတွေကတော့ ဘာမှမဖြစ်ဘူး။ အခု မြိုင်ကြီးငူမှာ ထွက်ပြေးလာတဲ့ ရွာ ၁၇ ရွာလောက်ရှိတယ်။ လူက ၄ ထောင်လောက်ရှိတယ်။”

အကိုတို့ ရွာမှာကော ကျောင်းတွေဘာတွေ ရှိလား။

“ကျောင်းတွေတော့ရှိတာပေါ့။ အခု ကျောင်းမတက်ရဲတော့ဘူးလေ။ အခု မြိုင်ကြီးငူခန်းမဆောင်မှာ ကလေးတွေကို စာသင်ပေးနေတယ်။"

အခုအကိုတို့ အစားအသောက်တွက် ဘယ်သူကူညီဆောင်ရွက်ပေးနေလဲ။

“ဒီမှာလား ဒီမှာက အစိုးရအဖွဲ့တွေ လာကြည့်တယ်။ မနေ့ကလည်း တောင်ကလေးဆရာတော် လာလှူတယ်။ တချို့ ငွေကြေးရှိသူတွေကလည်း လာလှူကြပါတယ်။ ”

နေရထိုင်ရတာကော အဆင်ပြေလား။

“အဆင်ပြေပါတယ်။ အစားအသောက်လည်း ကောင်းကောင်းစားရပါတယ်။ ”

ဘယ်တော့ပြန်ရမယ်လို့ထင်လဲ။

“ဘယ်တော့ပြန်ရမလဲတော့ မသိဘူး။ ဆရာတော်ကတော့ တစ်လ၊ နှစ်လလောက်ကြာမယ်လို့ပြောတယ်။ ”

ဘာကြောင့် ဆရာတော်က အဲလိုပြောလဲ။

“မြိုင်ကြီးငူဆရာတော်ကတော့ တစ်လကျော် နှစ်လလောက်ဖြစ်မယ်လို့ပြောတယ်။ အဲလို နှစ်လ၊ သုံးလ လုပ်မယ်လို့ပြောတယ်။”

ဘယ်သူက ဘာလုပ်မှာလဲ။

“အစိုးရတပ်နဲ့ ဘီဂျီအက်ဖ်တပ်လေ။  အချိန် ၃ လပေးတယ်လို့ပြောတယ်။ ”

အခုထွက်ပြေးလာတော့ အိမ်မွေးတိရစ္တာန်တို့ တောင်ယာစိုက်ခင်းတွေကော ဘယ်လို လုပ်လဲ။

“ကျနော်တို့ တောင်ယာလုပ်စားတယ်။ ကျနော်တို့ ဆင်းလာတာနဲ့ ကျွဲနွားတွေလည်း တောင်ယာက စပါးတွေကို ၀င်စားကုန်တာပေါ့။ အိမ်ရှင်တွေက ထွက်ပြေးတော့ တိရစ္တာန်တွေကိုလည်း အဲဒီတိုင်းပဲ လွှတ်လိုက်ကြတယ်လေ။ ကျွဲနွားတွေ လွှတ်တော့ စပါးတွေ ၀င်စားကုန်တာပေါ့။ တိုက်ပွဲပြီးလို့ ပြန်သွားရင်တော့ စပါးတွေ တွေ့ရတော့မှာမဟုတ်ပါဘူး။”

တိုက်ပွဲက ကရင်နှစ်ဖွဲ့အကြားမှာဖြစ်တယ်။ ကရင်လူမျိုးရွာသားတယောက်အနေနဲ့ ဘာပြောချင်လဲ။

“ဘာမှမပြောတတ်ပါဘူး။ သူတို့လုပ်ရပ်တွေကို။ ကျနော်တို့တွေကတော့ ငြိမ်းချမ်းမှုကို လိုချင်တာပေါ့။ အရင်က ခက်ခဲခဲ့တာ များနေပြီလေ။ အခုတော့ ငြိမ်းချမ်းမှုကို လိုချင်တယ်။ ကိုယ့်ဟာကို အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ချင်တယ်။ ”

အရင်ကရော ဒီလိုမျိုး တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ဖူးတာတွေရှိလား။

“ကျနော်ငယ်ငယ်တုန်းကတော့ ထွက်ပြေးရတာက အကြိမ်ကြိမ်ပဲ။ အမေက ပိုပြီးပြေးရတယ်။ စစ်တပ်က တက်လာပြီဆိုရင် ပြေးရပြီ။ ကေအန်ယူနဲ့ဖြစ်တော့လည်း ပြေးရတယ်။ ဒီကေဘီအေ အခင်းဖြစ်တော့လည်း ပြေးရတယ်။ ၂၀၁၄၊ ၂၀၁၅ ခုနှစ်မှာလည်း တခါ ထွက်ပြေးဖူးတယ်။ ဒါပေမယ့်ဒီ မြိုင်ကြီးငူဘက်ကို မဆင်းလာဘူး။ တောတောင်တွေထဲမှာပဲ လိုက်ပြေးနေကြရတာ။"

ခဏခဏ ထွက်ပြေးနေရတဲ့အပေါ် ပြည်သူတယောက်အနေနဲ့  ဘာပြောချင်လဲ။

“ဟိုနေ့က မြိုင်ကြီးငူဆရာတော်က ကျနော်တို့ကိုသွားကြိုလာတယ်။ ကားအစီးတရာကျော်တယ်။”

ဆရာတော် လာကြိုတဲ့အချိန်က ရွာသားတွေကို ဘာပြောလဲ။

“ကျနော်တို့ကိုသွားကြိုတဲ့အချိန်က ကျနော်တို့ကို မင်းတို့ သေနတ်ကျည်ဆန်ကြားမှာ မနေရဲဘူးဆိုရင် မြိုင်ကြီးငူမှာ ဆင်းနေတဲ့။ အစားအသောက်ကတော့ ကျွေးမယ်ပေါ့။ ”

အဲဒီအချိန်တုန်းက တိုက်ပွဲဖြစ်ပြီလား။

“ကျနော်တို့ကို လာကြိုတဲ့အချိန်တုန်းက တိုက်ပွဲ တခေါက်နှစ်ခေါက်တော့ဖြစ်ပြီးပြီ။  ဒါပေမယ့် ကျနော်တို့နဲ့ မနီးသေးဘူး။ အဲတော့ ဆရာတော်က လက်နက်ကိုင်အဖွဲ့တွေကို တရက်လောက်စောင့်ပါပေါ့။ ရွာသားတွေကို သွားကြိုပြီးမှ နင်တို့လုပ်ချင်တာလို့ဆိုပြီးပြောတယ်။ ပြီးတော့ ကျနော်တို့ကိုကြိုလာတယ်။ ကျနော်တို့က မနေရဲတော့လို့ လာတာ။ ”

အရင်တုန်းက အကိုတို့ရွာမှာ ဘီဂျီအက်ဖ်တပ်တို့ အစိုးရတပ်တို့ ရှိလား။

“မရှိပါဘူး။ ကျနော်တို့ရွာမှာ ဒီကေဘီအေတပ်ပဲ ရှိတယ်။ အခု စစ်တပ်တို့ ဘီဂျီအက်ဖ်တပ်တို့လို တိုက်ပွဲဖြစ်တယ်။ အခု ဒီမှာထွက်ပြေးလာတဲ့သူတွေထဲမှာ ကလေးငယ်ငယ်လေးတွေပါတယ်။ တချို့ဆိုရင် ကလေး ၅ ရက်ပဲရှိသေးတယ်။ ထွက်ပြေးလာရတယ်။ ကျနော့်ကလေးကတော့ ၄ လတယောက်နဲ့ ၃ နှစ် တယောက်ရှိတယ်။ ”

အခု မိုးရာသီလည်းဖြစ် မိုးရွာတယ်ဆိုတော့ အိပ်ဖို့နေရာကောရှိလား။

“ရှိပါတယ်။ ကျနော်တို့ ခန်းမဆောင်မှာအိပ်တယ်။ အိမ်သာတွေဘာတွေလည်းရှိပါတယ်။ ဆရာမတွေလည်း ကျန်းမာရေးအတွက် ကြည့်ရှု့ပေးတာတွေလည်းရှိပါတယ်။”

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013