DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးမူဘောင်သုံးသပ်ဆွေးနွေးပွဲ ဒီပီအန် မတက်
DVB
·
September 14, 2016
နိုင်ငံရေးမူဘောင်သုံးသပ်ဆွေးနွေးပွဲ ဒီပီအန် မတက်
Donate to DVB

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်) အနေနဲ့ လာမယ့်ရက်ပိုင်းမှာ ကျင်းပမယ့် နိုင်ငံရေးမူဘောင်သုံးသပ်တဲ့ ဆွေးနွေးပွဲ တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ အဖွဲ့ခေါင်းဆောင် ခူးဦးရယ်က ပြောပါတယ်။

စက်တင်ဘာ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ ကျင်းပမယ့် နိုင်ငံရေးဆိုင်ရာ မူဘောင်ဆွေးနွေး ပွဲမှာ ဒီပီအန်အဖွဲ့အနေနဲ့ အချိန်အကန့်အသတ်ကြောင့်နဲ့ ဦးစားပေးလုပ်ငန်းတွေ ရှိနေတဲ့အတွက် ဆွေးနွေးပွဲကို တက်ရောက်ဖို့ အခက်အခဲဖြစ်တာလို့  ခူးဦးရယ်က ပြောပါတယ်။

“အချိန်အခက်ခဲကြောင့်ပါ။ ၂၁ ရာစု ပင်လုံညီလာခံပြီးတဲ့နောက်မှာ လုပ်ငန်းအစီအစဉ်တွေ အချိန်နဲ့တပြေးညီ ကျနော်တို့ ဒီမှာ ချထားတဲ့ရက်တွေနဲ့ တိုက်ဆိုင်လို့  ရွှေ့လို့မရတဲ့ အခြေအနေ အခက်အခဲမျိုး ဖြစ်နေလို့ပါ။ ဒီရက်တွေမှာ ကျနော်တို့ ရွှေ့လို့လည်းမရတဲ့အတွက်ကြောင့် မပါနိုင်သေးဘူးဆိုတဲ့သဘောပါ။”

ဒါ့အပြင် နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲ ဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်မလား ဆိုတာတော့ ပြန်လည်ညှိနှိုင်းရဦးမယ်လို့လည်း ခူးဦးရယ်က ပြောပါတယ်။

အပစ်ရပ်ထားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့ (စီတီ) အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုကွယ်ထူးဝင်းကတော့ ဒီမူဘောင်သုံးသပ်ရေး အစည်းအဝေးကို ဒီတကြိမ် မပါလာနိုင်ပေမယ့် နောက်လာမယ့် အစည်းအဝေးတွေမှာ ပါလာနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ကျနော်တို့ ပထမတုန်းက လက်မှတ်ထိုးထားတဲ့အဖွဲ့နဲ့ အစိုးရနဲ့ မူဘောင်သုံးသပ်ရေး ပြန်လုပ်တယ်။ ဒါကို သူတို့တက်တဲ့အချိန်မှာ ကျနော်တို့ ပြန်လည်တင်ပြမယ်။ review က ကျနော်တို့ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့နဲ့ အစိုးရတင် မကဘူး၊ နိုင်ငံရေးပါတီတွေကလည်း ရှိနေတာကို၊ ဒီ ၃ ဖွဲ့ reviews လုပ်ထားတဲ့ သဘောတူညီမှုကို သူတို့ပါလာတဲ့အချိန်မှာ သူတို့ကို တခါပြန်လည်တင်ပြပါတယ်။ သူတို့ထပ်ပြီးဆွေးနွေးစရာရှိတာ ဆွေးနွေးတာပေါ့။ အဲလိုပုံစံနဲ့ လုပ်တာ။ သူတို့ အခု ဒီတခေါက်မပါရင်လည်း နောက်မှာ ပါလာမှာပဲ။ ပြန်ရေးရမယ့်အဆင့်တွေလည်း ရှိသေးတာကို။ အခုမှ  ပြန်သုံးသပ်တဲ့အဆင့်ပဲ ရှိသေးတာကိုး။”

အရင် မူဘောင်ပြန်လည်သုံးသပ်မှု ဆွေးနွေးပွဲကို ဒီပီအန်အနေနဲ့ ၂ ခေါက်လောက် ပါခဲ့ဖူးပြီး ဆက်လက်ပါဝင်လာလိမ့်မယ်လို့လည်း ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၂ ရက်နေ့တုန်းကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အပစ်မရပ်သေးတဲ့ ယူအန်အက်ဖ်စီအဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်)၊ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့ (စီတီ) တို့ တွေ့ဆုံဆွေးနွေးခဲ့ဖို့ ရည်ရွယ်ခဲ့ပါတယ်။

အစီအစဉ်ကို ၂ ရက်လုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် နှစ်ဘက်အဖွဲ့တွေရဲ့ အရေးကြီးဆောင်ရွက်မယ့်လုပ်ငန်းတွေရှိလို့ ၁၂ ရက်နေ့ တရက်တည်းမှာပဲ ဖြတ်လိုက်တာလို့ ဆိုပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာတော့ တိုင်းရင်းသားတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပိုမိုအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးဖြစ်ဖို့ ဆွေးနွေးကြတယ်လို့ စီတီအဖွဲ့ဝင် ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

“ဆွေးနွေးတယ်ဆိုတာကတော့ မိုင်ဂျာယံက ဆုံးဖြတ်ချက်တွေကို ကျနော်တို့ ပြန်ပြီးတော့ အကောင်အထည်ဖော်ဖို့ ပြန်သုံးသပ်တယ်၊ ကျနော်တို့ အခုကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံမှာ ဘယ်သူက သွားတက်ပြီးတော့ အခင်းအကျင်းတို့ ကျနော်တို့ဘက်မှာ ဘယ်လိုအားနည်း ချက်တွေရှိလဲ၊ ဘယ်လိုအားသာချက်တွေရှိလဲ သုံးသပ်တာပါ။  ရှေ့ဆက်ပြီးတော့ နားလည်မှုရှိရှိနဲ့ အနေအထားမျိုး ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ၊ ပိုမိုအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မျိုးဖြစ်ဖို့ နည်းလမ်းရှာပေါ့နော်။”

ဒီဆွေးနွေးပွဲမှာတော့ ခူးဦးရယ် ဦးဆောင်တဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် (ဒီပီအန်) အဖွဲ့က ကိုယ်စားလှယ်တွေနဲ့  ပဒိုကွယ်ထူးဝင်းဦးဆောင်တဲ့ စီတီ ဆွေးနွေးညှိနှိုင်းရေး အလုပ်အဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013