
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ အိုဘားမားရဲ့ ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စုမှာ တရားဝင်ချစ်ကြည်ရေးခရီး စတင်ရောက်ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကနေ တဆင့် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့ Dulles လေဆိပ်ကို ဒေသစံတော်ချိန် စက်တင်ဘာ ၁၃ ရက် ည ၈ နာရီခွဲကျော်လောက်မှာ ရောက်ရှိတာလို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို Dulles လေဆိပ်မှာ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း၊ မြန်သံရုံးနဲ့ စစ်သံရုံးက တာဝန်ရှိသူတွေ လာရောက်ကြိုဆိုကြပြီး လေဆိပ်မှတဆင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ၀ါရှင်တန်မြို Blair House နိုင်ငံတော်ဧည့်ဂေဟာမှာ တည်းခိုနေတယ်လို့ သိရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အမေရိကန်အချိန် စက်တင်ဘာ ၁၄ ရက်နေ့မှာ အမေရိကန်သမ္မတ အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
သတင်းဓာတ်ပုံ - မြန်မာသံရုံး၊ ၀ါရှင်တန်မြို့










