DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ PDF ရဲဘော်၏ဖုန်းကိုသုံးပြီး စစ်တပ်က ထောင်ချောက်ဆင်ဖမ်းဆီးနေဟု အင်းလေး IPDF သတိပေး
DVB
·
June 23, 2026
Photo: IPDF
Photo: IPDF
Donate to DVB

ဖမ်းဆီးခံ PDF ရဲဘော် ၂ ယောက်ရဲ့ ဖုန်းတွေကို စစ်အာဏာရှင်တပ်က အသုံးပြုပြီး တော်လှန်ရေး အင်အားစုတွေထံ ထောင်ချောက်ဆင် ဆက်သွယ်ဖမ်းဆီးနေတယ်လို့  ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အခြေစိုက် အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF - အမှတ် ၁၀၀၉ တပ်ရင်း) က ဇွန် ၂၂ ရက်မှာ အရေးပေါ် ထုတ်ပြန် သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းက ကယား (ကရင်နီ) ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်၊ ရွာမ ကျေးရွာမှာ အင်းလေး IPDF က ရဲဘော်အငယ်ကောင် (ခ) ကျော်ဖြိုးလင်းနဲ့ ရဲဘော် AD (ခ) ကောင်းစည်သူတို့ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဖမ်းဆီးထားတဲ့ ရဲဘော် ၂ ယောက် ရဲ့ ဖုန်းတွေကတဆင့် နယ်မြေအတွင်း လှုပ်ရှားနေတဲ့ တခြားရဲဘော်တွေနဲ့ တော်လှန်ရေးနဲ့ ဆက်စပ်သူတွေကို စစ်တပ်က ထောင်ချောက်ဆင် ဖုန်းခေါ် ဆိုပြီး လိုက်လံဖမ်းဆီးဖို့ ကြိုးပမ်းနေကြောင်း၊ ဒါ့အပြင် အဲဒီရဲဘော် ၂ ယောက်ဟာ ရိုက်နှက် စစ်ဆေးခံနေရတယ်လို့ အတွင်းသတင်းရင်းမြစ်တွေထံကသိရကြောင်း IPDF က ထုတ်ပြန် ပါတယ်။

ဒီလို ထောင်ချောက်ဆင် ဖုန်းခေါ်ဆိုမှုကြောင့် ဇွန် ၁၉ ရက် ည ၇ နာရီလောက်မှာ  ၂၀၂၁ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ CDM ကျန်းမာရေးဝန်ထမ်းဟောင်း တယောက် ဟာ အင်းလေးကိုအပြန်လမ်းမှာ ထပ်မံဖမ်းဆီးတာ ခံခဲ့ရပါတယ်။

ဒီနောက် တောင်ကြီးမြို့ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) မှာ ထိန်းသိမ်းထားပြီး ပြင်းထန်စွာ ရိုက်နှက်စစ်ဆေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြပါတယ်။

ဒါကြောင့် မိဘပြည်သူတွေ၊ တော်လှန်ရေးရဲဘော်တွေနဲ့ ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက် ဆက်နွှယ်သူ တွေအနေနဲ့ ဖမ်းဆီးခံရဲဘော်တွေရဲ့ ဖုန်းနဲ့ ဆက်သွယ်လာတာ ဒါမှမဟုတ် ချိန်းဆိုတာတွေ ရှိလာရင် ရန်သူ့ထောင်ချောက်ဖြစ်ကြောင်း သတိပြုကြဖို့နဲ့ ရန်သူ့လက်လှမ်းမမီတဲ့ ဘေးလွတ်ရာကို အရေးပေါ် ချက်ချင်း ရှောင်တိမ်းကြဖို့ အင်းလေး IPDF က အလေးအနက် တိုက်တွန်း နှိုးဆော်ထားပါတယ်။

ရှမ်းတောင်နဲ့ ကရင်နီအစပ်ဒေသတွေမှာ အခုလို ဖုန်းကတဆင့် ထောင်ချောက်ဆင် ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေ မကြာခဏ ရှိနေသလို၊ ဖမ်းဆီးခံရတဲ့ CDM ဝန်ထမ်းတွေနဲ့ ရဲဘော်တွေဟာလည်း စရဖ စစ်ကြောရေးတွေမှာ နှိပ်စက်ညှဉ်းပန်းခံရလေ့ရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013