DVB Logo
Home
မြန်မာသတင်း
တအာင်းနှင့် ရှမ်း လက်နက်ကိုင်အဖွဲ့ကြား ပဋိပက္ခလျော့ရေး ဆွေးနွေး
DVB
·
September 12, 2016
တအာင်းနှင့် ရှမ်း လက်နက်ကိုင်အဖွဲ့ကြား ပဋိပက္ခလျော့ရေး ဆွေးနွေး
Donate to DVB

တအာင်းတပ်မတော် (PSLF/TNLA) နဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SS)တို့ကြား ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ လျှော့ချရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတူ လက်တွဲဆောင်ရွက်နိုင်ဖို့ တအာင်းအမျိုးသားပါတီနဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)က ခေါင်းဆောင်တွေ ဒီကနေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

တအာင်းအမျိုးသားပါတီနဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းက ကိုယ်စားလှယ်တွေဟာ ဒီလဆန်းက နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အလွတ်သဘော တွေ့ဆုံပြီး တပြည်နယ်သားချင်း ချစ်ခင်စည်းလုံးစွာနေထိုင်နိုင်ဖို့ မကြာခဏတွေ့ဆုံဆွေးနွေးဖို့ သဘောထားရှိတဲ့အတွက် အခုလို တွေ့ဆုံဆွေးနွေးကြတာလို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းငင်းကပြောပါတယ်။

“ကျနော်တို့အချင်းချင်းကြားမှာ ယုံကြည်မှုရှိပြီး ပဋိပက္ခဖြစ်နေတဲ့ ရှမ်းနဲ့ ပလောင်လက်နက်ကိုင် အဖွဲ့ ၂ ခုကြား တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာနိုင်အောင်လို့ ပလောင်ပါတီအနေနဲ့ ကြားဝင် ညှိနှိုင်းပေးဖို့ ကိစ္စတွေ ဆွေးနွေးပါတယ်။ ပြည်သူများရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ တအာင်းပါတီနဲ့ ကျနော်တို့ ဘယ်လိုလက်တွဲပြီးး ဆောင်ရွက်နိုင်မလဲ ဆိုတာတွေလည်း ဆွေးနွေးခဲ့ပါတယ်။”

တအာင်းပါတီဘက်ကလည်း ဒေသတွင်းအခြေအနေများကို ဖလှယ်ခဲ့သလို ပဋိပက္ခလျော့ချရေး ၊ နှစ်ဘက်လက်နက်ကိုင်အဖွဲ့ တွေ့ဆုံညှိနှိုင်းဖို့ ဆောင်ရွက်ပေးစေလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လာရောက်တွေ့ဆုံရတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။


တအာင်းနဲ့ရှမ်းလူမျိုးတွေဟာ ရှေးယခင်ကတည်းက နှစ်ပေါင်းရှည်ကြာ အေးအတူပူအမျှနေ ထိုင်လာခဲ့ရာမှ ခုနှစ်အတွင်း တိုက်ပွဲတွေဖြစ်လာရတာ ပြင်ပပယောဂကြောင့်လို သံသယ ဖြစ်မိကြောင်း ရှမ်းပြည်တပ်မတော်စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရွက်စစ်က ပြောပါတယ်။

ဒေသတွင်း ကျန်းမာရေး၊ ပညာရေးကိစ္စ အတူပူးပေါင်းဆောင်ရွက်ခဲ့တာတွေလည်း ရှိခဲ့ကြောင်း၊ ထိတွေ့ပစ်ခတ်မှုသည်သာ ပြဿ နာဖြစ်ပြီး တိုက်ပွဲဖြစ်တိုင်းပြည်သူတွေသာ နစ်နာရတဲ့အတွက် သူတို့ဘက်က ပစ်ခတ်ရန်ဆန္ဒအလျဉ်းမရှိကြောင်း ဒါကြောင့် ပစ်ခတ်မှုတွေ ရပ်စဲပြီး ပဋိပက္ခ လျော့ဖို့ သူတို့ဘက် တီအန်အယ်လ်အေနဲ့ ဆွေးနွေးရန် အသင့်ရှိကြောင်း ရှမ်းပြည်တပ်မတော်ဘက်က တအာင်းပါတီကို အမှာစကားပါးလိုက်တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမှာ တအာင်းအမျိုးသားပါတီ ဘက်က ဗဟိုအလုပ်အမှုဆောင်ကော်မတီ တာလှဖေ နဲ့ တာအေးမောင် မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းပလောင် သံဏာတော်အဖွဲ့ ဥက္ကဋ္ဌ ဦးပညာသီရိနဲ့ အတွင်းရေးမှူး ဦးတိက္ခဉာဏတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013