
နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုဟာ တချိန်တုန်းက မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်နေတဲ့ “လူမျိုးရေးအရ ရှင်းလင်းဖယ်ရှားမှု” တွေကို အဆုံးသတ်ဖို့ အမေရိကန်က တတ်နိုင်သမျှ လုပ်ရမယ်လို့ ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့သူပါ။ ၂၀၁၇ ခုနှစ်တုန်းက အမေရိကန် အထက်လွှတ်တော်အမတ် ၂၀ နဲ့အတူ သူ လက်မှတ်ထိုးခဲ့တဲ့ စာတစောင်မှာလည်း “လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ် အရာရှိကြီးတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ပြင်းပြင်းထန်ထန် အရေးယူပိတ်ဆို့ရမယ်” လို့ တောင်းဆိုခဲ့ပါတယ်။ ဒီလို ရက်စက်ယုတ်မာမှုတွေ ကျူးလွန်သူတွေကို တရားစွဲဆိုရမယ်လို့ သူက ပြောခဲ့ဖူးတာပါ။
အဲဒီနောက်ပိုင်းနှစ်တွေမှာတော့ မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေဟာ ပိုပြီးတော့တောင် ဆိုးရွားလာပါတယ်။ အရင်က ရိုဟင်ဂျာတွေကို လူမျိုးရေးအရ ရှင်းလင်းဖယ်ရှားတယ်လို့ သတ်မှတ်ခဲ့ပေမဲ့ အခုဆိုရင် အမေရိကန် အပါအဝင် ကမ္ဘာကပါ ဂျီနိုဆိုက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာကြပါပြီ။ မြန်မာနိုင်ငံမှာ ရှိသမျှ ဒီမိုကရေစီ အရိပ်အယောင်လေးဟာလည်း ၂၀၂၁ ခုနှစ်မှာ အကုန် ပျောက်ကွယ်သွားခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချပြီး သူ့ပါတီရဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်ကို ပယ်ဖျက်ကာ စစ်တပ်က အာဏာသိမ်းလိုက်လို့ပဲ ဖြစ်ပါတယ်။
အဲဒီနောက်ဆက်တွဲအနေနဲ့ ပြည်တွင်းစစ်ကြီး စတင်လာပါတယ်။ အခုဆိုရင် စစ်တပ်၊ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံကြားမှာ ရှုပ်ထွေးပြီး ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။ ဒီပဋိပက္ခတွေကြောင့် လူပေါင်း ၁ သိန်းဝန်းကျင် သေဆုံးခဲ့ရပြီး လူ ၅ သန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ လူ ၁၆ သန်းလောက်ဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။ ဒါဟာ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကြီးတွေထဲက တခုဖြစ်ပြီး လူတွေကပဲ ဖန်တီးထားတဲ့ ပြဿနာ သက်သက်ပါ။
နှစ်အစောပိုင်းမှာတော့ မြန်မာနိုင်ငံမှာ အတုအယောင် ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံရဲ့ ဂျီနိုဆိုက်မှုတွေအတွက် အဓိက တာဝန်အရှိဆုံးနဲ့ ရူဘီအိုရဲ့စာထဲမှာ ပစ်မှတ်ထားခံခဲ့ရတဲ့ စစ်ဗိုလ်ချုပ် မင်းအောင်လှိုင်ဟာ သမ္မတ ဖြစ်လာပါတယ်။
ဒါပေမဲ့ အခုချိန်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်နေပြီဖြစ်တဲ့ ရူဘီအိုကတော့ မင်းအောင်လှိုင်ကို တရားစွဲသင့်တယ်လို့ မယုံကြည်တော့ပါဘူး။ အဲဒီအစား သူ့ကို မဟာမိတ် လုပ်ချင်နေပါတယ်။ ဒီလထဲမှာပဲ ထရမ့်ပ်အစိုးရဟာ ဆယ်စုနှစ်တခုနီးပါး ရှိခဲ့တဲ့ အနောက်နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်တဲ့ မူဝါဒကို ပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။ မြန်မာစစ်အာဏာရှင်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ စတင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးမဲ့ အလားအလာတွေကိုတောင် အခု ဆွေးနွေးနေကြပါပြီ။ ကြိုတင်အသိပေးတာမျိုး လုံးဝမရှိခဲ့တဲ့ ဒီလုပ်ရပ်ကြောင့် တခြား အနောက်နိုင်ငံတွေလည်း အံ့အားသင့်သွားကြပါတယ်။
ဒီကိစ္စရဲ့ နောက်ကွယ်မှာ MAGA (Make America Great Again) လူယုံတယောက် ရှိနေတာတော့ မဆန်းပါဘူး။ သူကတော့ ဒေါ်နယ်ထရမ့်ပ်ရဲ့ မဟာမိတ် ရော်ဂျာစတုန်းပါပဲ။ သူဟာ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ထရမ့်ပ်ရဲ့ မဲဆွယ်အဖွဲ့က ရုရှားနဲ့ ပူးပေါင်းကြံစည်ခဲ့သလားဆိုတဲ့ စုံစမ်းစစ်ဆေးမှုတွေကို နှောင့်ယှက်တာ၊ သက်သေတွေကို ခြိမ်းခြောက်တာနဲ့ လွှတ်တော်ကို လိမ်လည်ထွက်ဆိုတာတွေကြောင့် ၂၀၁၉ ခုနှစ်မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရသူပါ။
ထရမ့်ပ်က ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့လို့ ထောင်ဒဏ်ကနေ လွတ်လာတဲ့ စတုန်းဟာ မကြာသေးခင်ကပဲ မြန်မာစစ်အာဏာရှင်အစိုးရအတွက် လော်ဘီတယောက်အနေနဲ့ စတင် အလုပ်လုပ်ပေးနေပါတယ်။ သူက “မြန်မာနိုင်ငံနဲ့ အမေရိကန်ကြား ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကူညီပေးနေတာပါ။
သူ့ရဲ့လုပ်ရပ်က အလုပ်ဖြစ်နေပုံရပါတယ်။ ဒီလအစောပိုင်းမှာပဲ အမေရိကန် ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဗန့်စ်ဟာ မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်ကို သွားရောက်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံသားတယောက် လွတ်မြောက်ရေးအတွက် သွားတယ်လို့ အကြောင်းပြပေမဲ့ ဗန့်စ်ဟာ စစ်ဗိုလ်ချုပ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်က စစ်အာဏာရှင်အစိုးရကို ဒီမိုကရေစီ ပြန်ဖော်ဆောင်ဖို့ ဒါမှမဟုတ် ရက်စက်တဲ့ စစ်ပွဲကြီး ရပ်တန့်ဖို့ တိုက်တွန်းတာမျိုး မဟုတ်ပါဘူး။ အဲဒီအစား မြန်မာနိုင်ငံက မြေရှားသတ္တုတွေကို အမေရိကန်ဘက်က ရယူခွင့်ရဖို့ ကြိုးပမ်းတာပဲ ဖြစ်နေပါတယ်။
မကြာသေးခင် နှစ်တွေအတွင်းမှာ စစ်ဘက်ဆိုင်ရာ နည်းပညာတွေနဲ့ အဆင့်မြင့် နည်းပညာထုတ်ကုန်တွေမှာ မရှိမဖြစ် သုံးရတဲ့ မြေရှားသတ္တု ပုံမှန်ရရှိရေး အားပြိုင်မှုဟာ ပိုပြီး ပြင်းထန်လာပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့မြေရှားသတ္တု မိုင်းတွင်းအများစုနဲ့ သတ္တုသန့်စင်တဲ့ လုပ်ငန်းစဉ် အားလုံးနီးပါးကို ထိန်းချုပ်ထားပါတယ်။ ထရမ့်ပ်အစိုးရအနေနဲ့ ဒီအခြေအနေကို ပြောင်းပြန်လှန်ပစ်ချင်နေပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ စီးပွားရေးအကျိုးအမြတ်ကိုပဲ ရှေ့တန်းတင်ပြီး ယူကရိန်းနဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့နဲ့ တဖက်သတ်ဆန်တဲ့ သဘောတူညီချက်တွေ လုပ်ဆောင်လာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ မြေရှားသတ္တု မိုင်းတွင်း ၆၀၀ ကျော်ရှိပြီး အများစုက တရုတ်ကို တင်ပို့နေတာပါ။ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက မြန်မာကနေ တရုတ်ကို မြေရှားသတ္တု တင်ပို့မှုဟာ ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံဖိုးအထိ ရှိနေခဲ့ပါတယ်။ ဒါဟာ တရုတ်ရဲ့ မြေရှားသတ္တု တင်သွင်းမှု အများစုကို ကိုယ်စားပြုနေတာပါ။ ဒီအရာကပဲ အမေရိကန် မျက်စိကျနေတဲ့ အဓိက သားကောင် ဖြစ်နေပုံရပါတယ်။
ဗန့်စ်ရဲ့ခရီးစဉ်ဟာ သူတို့အစိုးရ တရားဝင်ဖြစ်ဖို့ အသည်းအသန် ကြိုးစားနေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေအတွက် ဝါဒဖြန့်စရာ အောင်ပွဲတခု ဖြစ်သွားစေပါတယ်။ ကံမကောင်းစွာနဲ့ဘဲ မြန်မာစစ်ဗိုလ်ချုပ်တွေကို ပြန်လည်လက်ခံကြိုဆိုနေတာ အမေရိကန် တနိုင်ငံတည်း မဟုတ်ပါဘူး။ တချိန်က စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တဲ့ မလေးရှားနိုင်ငံကို ဒီလထဲမှာ မင်းအောင်လှိုင် သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကြီးဆီ ပြန်လည် ကြိုဆိုသင့်တယ်ဆိုတဲ့ သဘောထားမျိုး ပြောဆိုခဲ့ပါတယ်။ အင်ဒိုနီးရှားနဲ့ ဘရူနိုင်းကို သွားမဲ့ ခရီးစဉ်တွေလည်း ရှိနေသလို ဖိလစ်ပိုင်ကလည်း ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ ဆန္ဒရှိကြောင်း ပြသလာပါတယ်။
စစ်ကောင်စီရဲ့ ဒီသံတမန်ရေးရာ အောင်ပွဲတွေဟာ သူတို့ရဲ့ စစ်ရေးအရ အောင်မြင်မှုတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်ခွဲအတွင်းမှာ ရုရှားနဲ့ တရုတ်က ထောက်ပံ့ပေးတဲ့ ခေတ်မီ ဒရုန်းတွေအပြင် လူငယ် ၁ သိန်းလောက်ကို အတင်းအကျပ် စစ်သားစုဆောင်းခဲ့တာကြောင့် စစ်ကောင်စီဟာ မြို့အတော်များများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး တော်လှန်ရေးအဖွဲ့တွေကို ကျေးလက်ဒေသတွေဆီ ပြန်ဆုတ်ခွာသွားအောင် တွန်းထုတ်နိုင်ခဲ့ပါတယ်။
မြန်မာပြည်သူတွေ အတွက်တော့ အိပ်မက်ဆိုးကြီးက ရှည်လျားနေဆဲပါ။ ပြီးခဲ့တဲ့လကပဲ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာက လူစည်ကားတဲ့ ဈေးတခုကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ ၅၀ ကျော် သေဆုံးခဲ့ရပါတယ်။ ရက်စက်တဲ့ လုပ်ရပ်သစ်တွေကို အပတ်စဉ် မြင်တွေ့နေရပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံတော်ဆိုတဲ့ မျှော်လင့်ချက်ဟာလည်း ပိုပြီး ဝေးကွာသွားနေပါတယ်။
မြန်မာ့လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသူတွေ ဆုပ်ကိုင်ထားနိုင်တဲ့ တခုတည်းသော မျှော်လင့်ချက် ရောင်ခြည်လေးကတော့ တခြား အနောက်နိုင်ငံတွေက သူတို့ကို လက်မလွှတ်သေးဘူး ဆိုတာပါပဲ။ ဗြိတိန် သံတမန်တွေကတော့ သူတို့ရဲ့ ရပ်တည်ချက် ဘာမှပြောင်းလဲမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောထားပါတယ်။ ကနေဒါ၊ သြစတြေးလျနဲ့ ဥရောပသမဂ္ဂ (EU) တို့ကလည်း ဒီရပ်တည်ချက်အတိုင်း ဆက်သွားမဲ့ပုံ ရှိပါတယ်။ ဒါပေမဲ့ ဒီမှာလည်း စိုးရိမ်စရာလေးတွေတော့ ရှိနေပါတယ်။
ဥပမာအနေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဗြိတိန်ဟာ မကြာသေးခင်ကမှ မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီတွေအား တနှစ်ကို ပေါင် ၆၆ သန်းကနေ ၅၅ သန်းအထိ လျှော့ချလိုက်တယ်လို့ ထောက်ပြကြပါတယ်။ ဒီနှစ် မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂက တောင်းဆိုထားတဲ့ ရန်ပုံငွေ ဒေါ်လာ ၈၈၉ ဒသမ ၆ သန်းရဲ့ တဝက်လောက်ကိုပဲ နိုင်ငံတကာ အလှူရှင်တွေဆီက ရရှိထားပါတယ်။ ဒါ့အပြင် တက်ကြွလှုပ်ရှားသူတွေက ဗြိတိန်နဲ့ တခြားနိုင်ငံတွေကို တော်လှန်ရေးအင်အားစုတွေ အပါအဝင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပိုပြီး တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ လိုလားနေကြပါတယ်။
ဒီမိုကရေစီထက် သယံဇာတတွေကို ဦးစားပေးတဲ့ နေရာမှာ ထရမ့်ပ်က ပထမဆုံး သမ္မတတော့ မဟုတ်ပါဘူး။ ၁၉၃၈ ခုနှစ်က ရေနံစတွေ့ကတည်းက ဆော်ဒီအာရေဗျနဲ့ အမေရိကန် ဆက်ဆံရေးကို ကြည့်လိုက်ရင် သိနိုင်ပါတယ်။ ဒါပေမဲ့ ထရမ့်ပ်ရဲ့ ရေနံနဲ့ သတ္တုတွေအပေါ် လောဘကြီးလွန်းတဲ့ သဘောထား၊ သူ့သူငယ်ချင်းတွေနဲ့ မိသားစုကို ချမ်းသာစေချင်တဲ့ ဆန္ဒ၊ ပြီးတော့ အာဏာရှင်တွေကို ပေါ်တင် အားပေးထောက်ခံမှုတွေက ဒီအမေရိကန်ကို အရမ်း ကွဲပြားသွားစေပါတယ်။ ထရမ့်ပ်ရဲ့ နိုင်ငံခြားရေး မူဝါဒဟာ ကမ္ဘာ့နေရာအနှံ့မှာ ဘယ်လောက်တောင် ဖျက်ဆီးအားကောင်းနေသလဲ ဆိုတာကို မြန်မာနိုင်ငံက နောက်ထပ် ဥပမာတခုအနေနဲ့ ပြသလိုက်တာပါပဲ။
မေးစရာရှိတာက ထရမ့်ပ်ဟာ သူလိုချင်တာ ရမလား ဆိုတာပါပဲ။ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန် မူဝါဒကို လွှတ်တော်ကပဲ အဓိက မောင်းနှင်နေတာဖြစ်ပြီး ပါတီကြီး နှစ်ခုစလုံးကလည်း လက်ရှိမူဝါဒအတိုင်း ဆက်ထားဖို့ ထောက်ခံနေကြဆဲပါ။ အောက်လွှတ်တော်ကလည်း မြန်မာ့အရေး အရေးယူပိတ်ဆို့မှုတွေကို နောက်ထပ် ၆ နှစ် သက်တမ်းတိုးမဲ့ ဥပဒေကြမ်းကို မကြာသေးခင်ကပဲ အတည်ပြုခဲ့ပါတယ်။ အထူးသဖြင့် သူ့ရဲ့ ထောက်ခံမှုတွေ ကျဆင်းနေချိန်မှာ မြန်မာ့ဒီမိုကရေစီအရေးကို နှစ်ပေါင်းများစွာ ထောက်ခံလာခဲ့တဲ့ လွှတ်တော်အမတ်တွေကို ဂျီနိုဆိုက်မှုနဲ့ စစ်ရာဇဝတ်မှုတွေအပေါ် မျက်ကွယ်ပြုဖို့ ထရမ့်ပ် အနေနဲ့ စည်းရုံးနိုင်မှာ မဟုတ်ပါဘူး။
တကယ်လို့ သူစည်းရုံးနိုင်ခဲ့တယ် ဆိုရင်တောင် ပိုကြီးမားတဲ့ မေးခွန်းတခုကတော့ မြန်မာစစ်ဗိုလ်ချုပ်တွေကရော ထရမ့်ပ်လိုချင်တာကို ပေးနိုင်ပါ့မလား ဆိုတာပါပဲ။ မြန်မာနိုင်ငံက မြေရှားသတ္တု မိုင်းတွင်း အများစုဟာ တရုတ်နယ်စပ်နားမှာ ရှိနေပြီး စစ်ကောင်စီက ထိန်းချုပ်ထားတာ မဟုတ်ဘဲ လက်နက်ကိုင် အဖွဲ့အစည်းတွေက ထိန်းချုပ်ထားတာ များပါတယ်။ “အမေရိကန်ကို ဒီမြေရှားသတ္တုတွေနား ကပ်ခွင့်ပေးဖို့ တရုတ်က ဘယ်လိုမှ ခွင့်ပြုမှာ မဟုတ်ပါဘူး” လို့ နိုင်ငံခြားဆက်ဆံရေးကောင်စီက ဂျော်ရှုအာကာလန်ဇစ်က ကျနော့်ကို ပြောခဲ့ပါတယ်။
ဒါတွေအားလုံးက တကယ့်အပြောင်းအလဲတခုကို မဖြစ်လာစေဘူး ဆိုရင်တောင်မှ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှု အကျပ်အတည်းတွေထဲက တခုကို ဖန်တီးထားတဲ့ လူသတ်ကောင် အစိုးရနဲ့ ဆွေးနွေးဖို့ ထရမ့်ပ်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေအတွက်တော့ အကြီးအကျယ် ထိုးနှက်ချက်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့တော်လှန်ရေးခေါင်းဆောင် အများစုဟာ အမေရိကန်ရဲ့ အကူအညီကို မျှော်လင့်ထားခဲ့ကြတာပါ။ ယူကရိန်းက ဗိုလိုဒီမာ ဇလန်းစကီးလိုမျိုး အာဏာရှင်တွေကို တွန်းလှန်နေတဲ့ တခြား ဒီမိုကရေစီ လိုလားသူတွေလိုပဲ သူတို့လည်း ပစ်ပယ်ခံလိုက်ရပါပြီ။
ဒါဟာ သိပ်နားမလည်တဲ့ ကမ္ဘာ့ဒေသတခုကို ထရမ့်ပ်အစိုးရ ဝင်ရောက်စွက်ဖက်ပြီး အာဏာရှင်တယောက်ကို ဆုလာဘ်တွေပေးကာ နောက်ဆုံးမှာ ကိုယ်တိုင်လည်း ဘာမှ မည်မည်ရရ မရလိုက်တဲ့ အမှားကြီးတခုရဲ့ နောက်ထပ် ဥပမာတခုပဲ ဖြစ်ပါတယ်။
စတိဗ်ဘလွမ်းဖီးလ်
Ref: Observer
(The Guardian သတင်းစာတွင် ဝါရင့်သတင်းစာဆရာ Steve Bloomfield ရေးသားထားသည့် “Blunder in, abandon allies and court a dictator: it’s the Trump doctrine, now playing out in Myanmar” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။ Steve Bloomfield သည် Observer သတင်းစာ၏ နိုင်ငံတကာ သတင်းအယ်ဒီတာဟောင်းတဦး ဖြစ်ပါသည်။)











