DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် တရားမ၀င်လက်နက်ကိုင်ဆောင်သူ လူငယ် ၄ ဦးကိုဖမ်းဆီး
DVB
·
September 12, 2016
လားရှိုးတွင် တရားမ၀င်လက်နက်ကိုင်ဆောင်သူ လူငယ် ၄ ဦးကိုဖမ်းဆီး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ပြည်သူ့စစ်တဦးရဲ့သားအပါအ၀င် လူငယ် ၄ ဦးကို တရား မ၀င်လက်နက်ကိုင်ဆောင်မှု ဖမ်းဆီး အရေးယူထားတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက် က ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ လားရှိုးခရိုင်နဲ့ မြို့နယ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ လောက်နဲ့ နယ်မြေလုံခြုံရေးအတွက် ကွင်းဆင်းရှင်းလင်းဆောင်ရွက်စဉ် ရပ်ကွက် ၁၂ ဟူးမွန်ဆည်အနီး မသင်္ကာဖွယ်ရာ ကားတစီးကိုတွေ့ရှိလို့ စစ်ရေးရာကနေ ဖမ်းဆီးရမိခဲ့ တာပါ။

ရှမ်းပြည်နယ် ဒုရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုးက “မနေ့က ကျနော်တို့ ရပ်ကွက် ၁၂ က ဟူးမွန်ဆည်အထက်မှာရှိတဲ့ တောင်ကြောတွေကို ကင်းလှည့် နယ်မြေရှင်းလင်းတော့ ညနေ ၃ နာရီလောက်မှာ အရှေ့မှာ မသင်္ကာဖွယ်ရာ ဗွီဂို ကားတစီးကိုတွေ့တဲ့အတွက် ရပ်တံ့ခိုင်းပါတယ်။ ရပ်တံ့ခိုင်းတာ မရပ်ဘဲနဲ့ သူကမောင်းပြေးတယ်။ အဲဒါနဲ့ ဟူးမွန်ဆည်ဘက်ကိုဆင်းတဲ့ ချောင်းဘက်ကို ရဲတပ်ဖွဲ့ဝင်တွေက ၀ိုင်းဝန်းပိတ်ဆို့ဖမ်းဆီး တဲ့ခါမှာ သူတို့က ကားပေါ်ကနေ သေနတ်ထုတ်ပြီး ဆင်းလာတယ်။ အဲဒီခါမှာ ကျနော်တို့က အင်အားသုံးပြီးတော့မှ ဖမ်းဆီးခဲ့ရ ပါတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။

စစ်ဆေးချက်အရ အနီးနားပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါးသုံးထားတဲ့ ပိုက်တွေတွေ့ရှိကြောင်း၊ သူတို့ဟာ အဲဒီပစ္စည်းတွေကို ကားပေါ်ကနေ ပစ်ချပြီး ဖျောက်ဖျက်လိုက်ပုံရတယ်လို့လည်း ရဲမှူးကြီးက ပြောပါတယ်။

ကားပေါ်မှာ လူရွယ် ၄ ဦး ပါလာပြီး အားလုံး လားရှိုးမှာ နေထိုင်ကြောင်း၊ သူတို့ကို လားရှိုး ရဲစခန်းမှာ တရားမ၀င်လက်နက်ကိုင်ဆောင်မှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်ဆောင်ရတာနဲ့ပတ်သက်လို့ စစ်ဆေးမေးမြန်းနေဆဲဖြစ်ပြီး လူငယ်တဦးက နယ်မြေခံ ပြည်သူ့စစ်တဦးရဲ့သားဖြစ်ကြောင်း၊ ဒါပေမယ့် ဖမ်းမိတဲ့ လက်နက်က ပြည်သူ့စစ် အတွက် ထုတ်ပေးထားတဲ့ လက်နက်မဟုတ်သလို ဟုတ်ရင်လည်း သူတို့မှာ လက်နက်ကိုင် ဆောင်ခွင့် မရှိဘူးလို့ ရဲမှူးကြီးက ပြောပါတယ်။

ဓာတ်ပုံ - Lashio Media

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013