
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ အပြင်ဘက်က အထည်အလိပ် ထုပ်ပိုးစက်ရုံမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့က မီးလောင်လို့ သေဆုံးသူ ၂၃ ဦး ရှိသွားပြီလို့ ရဲနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
၎ ထပ် အဆောက်အဦမှာ ပေါက်ကွဲမီးလောင်မှုဖြစ်တဲ့အချိန်မှာ လူ ၁၀၀ လောက် အလုပ်လုပ်နေကြပြီး ဒဏ်ရာရသူ အယောက် ၇၀ လောက်ကို ဆေးရုံ တင်ပို့ထားတယ်လို့ မီးသတ် အရာရှိ တယောက်က ပြောပါတယ်။
လုပ်ငန်းစခါနီးအချိန်မှာ မီးလောင်ခဲ့တာလို့ အရာရှိ မိုဟာမက် အခ်တာအူဇာမန်က ပြောပါတယ်။
ဒါကာမြို့မြောက်ဖက်က တွန်ဂီစက်မှုဇုန်ထဲက တည်ရှိတဲ့စက်ရုံ ဖြစ်ပြီး ဘွိုင်လာခန်းမှာ အရင်ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ကျွမ်းတာလို့ အာဏာပိုင်တွေကပြောဆိုပါတယ်။
အသင့်ဝတ် အထည်အလိပ်တွေဟာ ဘင်္ဂလားဒေ့ရှ် စီးပွားရေးရဲ့ အဓိက လမ်းကြောင်းပါ ဇွန်လမှာ ကုန်ဆုံးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပတင်ပို့ကုန်ကနေ အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံ ရခဲ့ပါတယ်။
မီးဘေးကာကွယ်ရေးစနစ်တွေ အားနည်းမှုက ဘင်္ဂလားဒေ့ရှ် စက်ရုံ အများအပြားမှာ ရှိနေပါတယ်။










