DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ ၁၆ ရက်ကြာ ဗြိတိန်၊ အမေရိကန်ခရီး စတင်
DVB
·
September 10, 2016
ဒေါ်အောင်ဆန်းစုကြည်၏ ၁၆ ရက်ကြာ ဗြိတိန်၊ အမေရိကန်ခရီး စတင်
1 / 4
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ၁၆ ရက်ကြာ ဗြိတိန်နဲ့ အမေရိကန်ခရီးစဉ်ကို စက်တင်ဘာ ၁၀ ရက် ဒီနေ့ပဲ စတင်လိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန်နဲ့ အမေရိကန်ခရီးစဉ်ကနေ နိုင်ငံတကာရဲ့ ၀ိုင်းဝန်းကူညီပံ့ပိုးမှုတွေ အားကောင်းလာနိုင်သလို အမေရိကန်ရဲ့ မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားမှုတချို့ဟာ စိန်ခေါ်ချက်တခု ဖြစ်နိုင်တယ်လို့ နိုင်ငံရေးစာရေးဆရာ သန်းစိုးနိုင်က သုံးသပ်ပြောကြားလိုက်ပါတယ်။

“ဒီနေ့ကာလက ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအနိုင်ရပြီးတော့ အာဏာရှိလာတဲ့ အချိန် မှာ သူလုပ်ခဲ့တဲ့ စွမ်းအားတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက အသိအမှတ်ပြုမယ်။ နိုင်ငံ တကာရဲ့ ၀ိုင်းဝန်းကူညီပံ့ပိုးမှုတွေဟာ နိုင်ငံရေး၊ စီးပွားရေး ဘက်စုံကနေပြီးတော့ ပိုပြီးတော့ အားကောင်းလာလိမ့်လို့ မျှော်လင့်တယ်။ မြန်မာပြည်မှာရှိနေတဲ့ အမေရိကန်ရဲ့ကန့်သတ်ချက် တွေအပေါ်မှာ အမေရိကန်က ဘယ်လို သဘောထားမယ်ဆိုတဲ့ကိစ္စက စိန်ခေါ်ချက်တခု ဖြစ်ပါလိမ့်မယ်။

မြန်မာပြည်က ရခိုင်အရေးဟာလည်း ခရီးစဉ်ရဲ့ စိန်ခေါ်ချက် ဖြစ်ကောင်း ဖြစ်လာနိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကျော်လွှား ဖြေရှင်းနိုင်လိမ့်မယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်ခရီးစဉ်အတွင်း ဗြိတိန်အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

ဒါ့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဥရောပဒေသ၊ အရှေ့အလယ်ပိုင်းဒေသ အခြေစိုက် မြန်မာ သံအမတ်ကြီးတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အမေရိကန်သမ္မတအိုဘားမားနဲ့ စက်တင်ဘာ ၁၄ ရက်မှာ တွေ့ဆုံ ဆွေးနွေးဖို့ရှိပြီး အမေရိကန် အထက်နဲ့အောက်လွှတ်တော်အမတ်တွေနဲ့ စက်တင်ဘာ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

တခါ စက်တင်ဘာ ၁၉ ရက်မှာ နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာကျင်းပမယ့် ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ပြီးမိန့်ခွန်းပြောမှာဖြစ်ပါတယ်။

ဒါ့အပြင် နှစ်ပေါင်း ၆၀ ခန့်အတွင်း ပထမဆုံးအကြိမ် မြန်မာအရပ်သားအစိုးရ ခေါင်းဆောင် တဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၂၁ ရက်မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြော ဖို့ရှိပါတယ်။

စာရေးဆရာ သန်းစိုးနိုင်က အရပ်သားအစိုးရခေါင်းဆောင်တဦး ကုလညီလာခံမှာ မိန့်ခွန်း ပြောလိုက်နိုင်တဲ့အတွက် နိုင်ငံတကာရဲ့ မြန်မာအပေါ် အမြင်တွေ ပြောင်းလိုက်နိုင်မယ်လို့ သုံးသပ်ပါတယ်။

“ယေဘူယျပြောရလို့ရှိရင် မြန်မာပြည်အပေါ် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်ကနေပြီးတော့ စစ်အာဏာရှင်တွေ လက်ထက်တုန်းက မြင်နေတဲ့အမြင်ကို လှည့်ပြောင်းပေးလိမ့်မယ်လို့ ယူဆပါတယ်”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ စက်တင်ဘာ ၂၆ ရက်မှာ မြန်မာပြည် ပြန်ရောက်မှာဖြစ်ပြီး ဒီခရီးစဉ် မတိုင်မီက အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ လာအို၊ထိုင်းနဲ့ တရုတ်နိုင်ငံတို့ကို သူ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013