
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ မြို့ပေါ်နဲ့နယ်တွေမှာ ဖွင့်လှစ်ရောင်းချနေတဲ့ အရက်ဆိုင်တွေ ပိတ်သိမ်းပေးဖို့ တောင်ကုတ်မြို့ခံတွေနဲ့ ကျေးရွာအချို့ ပြည်သူတွေပူပေါင်းပြီး ဒုတိယအကြိမ် ဆန္ဒပြခဲ့ကြပါတယ်။
စက်တင်ဘာ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက တောင်ကုတ်မြို့နယ် ကျေးလက်ဒေသက အမျိုးသမီးတွေ အပါအဝင် တောင်ကုတ်မြို့ခံတွေပူပေါင်းပါဝင်ပြီး အရက်ရောင်းချနေတာတွေ ပြည်နယ်အစိုးရ အနေနဲ့ ထိထိရောက်ရောက် ပိတ်သိမ်းဖို့ဆန္ဒထုတ်ဖော်ကြတာပါ။
တောင်ကုတ်မြို့မှာ တနေ့ထက်တနေ့ လူမှုရေးပြဿာနေတွ၊ မိသားစုပြဿာနာတွေ များပြား လာကြောင့် အခုလိုရောင်းချဖွင့်လှစ်နေတဲ့ အရက်ဆိုင်တွေ သက်ဆိုင်ရာပြည်နယ်အစိုးရ အနေနဲ့ အမြန်ဆုံး ပိတ်သိမ်း အရေးယူပေးဖို့လိုတယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူ ဦးသိန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။
"ကျနော်တို့ တောင်ကုတ်မြို့ ဒီတခါဆိုရင် အရက်ရောင်းနေတဲ့သူတွေ အရက်တိုက်ဖျက်ရေးအတွက် ဆန္ဒထုတ်ဖော်တာ ၂ ကြိမ်ရှိနေပါပြီ။ ဒါပေမယ့် ဘာမှသက်ဆိုင်ရာက အကောင်အထည်ဖော် လုပ်ဆောင်နေတာ မတွေ့ရဘူး။ ဒါကကျနော်တို့ဆန္ဒတခုတည်း မဟုတ်ဘူး။ တောင်ကုတ် ဒေသခံတွေကို ကျနော်တို့ လမ်းပေါ်ထွက်ဆန္ဒ ထုတ်ဖော်ရတာပါ။ ဒါကို ပြည်နယ်အစိုးရအနေနဲ့ ပြည်သူရဲ့ဆန္ဒကို တကယ်လိုလားနေတယ်ဆိုရင် ကျနော်တို့ တောင်းဆိုနေတာတွေ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ပေးပါ။ ဆောင်ရွက်ပေးပါ။ ပိတ်သိမ်းပေးပါ။ ရပ်ကြည့်မနေကြပါနဲ့ အရက်ကြောင့် ပျက်စီးသွားတဲ့သူတွေ၊ ပြိုကွဲသွားတဲ့ မိသားစုတွေ ရခိုင်ပြည်မှာ တပုံတပင်ကြီး ရှိနေတာဆိုတာကို ကျနော်တို့ သက်သေပြရတာပါ။”
ဆန္ဒပြရမှာပါဝင်သူအသက် ၃၈ နှစ်ခန့်ရှိတဲ့ ဒေါ်အေးခိုင်စံက “အမတို့မှာ မိသားစုတွေ တကွဲတပြားစီဖြစ်သွားပါပြီ။ အရက်ကြောင့် နောက်ဆက်တွဲပြဿာနာတွေ အများကြီးဖြစ်လာတယ်။ သောက်လာရင်အေးဆေးသောက် လာတာမဟုတ်ဘူး။ မိသားစုကိုရန်ရှာတယ်။ လူကို ပြဿာနာရှာ လို့ မရရင် အိမ်မှာရှိတဲ့အိုးတွေခွက်တွေကို ပြဿာနာရှာတယ်။ လွှင့်ပစ်တယ်။ နောက်ဆုံးအဖြေက မိသားစုပြိုကွဲတာပဲလေ။ အခုဆိုရင် လူငယ်လေးတွေ ပိုပြီးဆိုးရွားလာတာ တွေ့လာရတယ်။ အကုန်ပိတ်ပေးဖို့ အမတို့က လိုလားတယ်”လို့ ပြောပါတယ်။
ဒီကနေ့ဆန္ဒထုတ်ဖော်ပွဲကို တောင်ကုတ်မြို့နယ် ကျေးရွာအချို့ ပါဝင်အားဖြည့်ပြီး တောင်ကုတ်မြို့မှ ဒေသခံတွေကလည်း ပူပေါင်းပါဝင်ဆောင်ရွက်တာကို တွေ့ရပါတယ်။
အဲဒီဆန္ဒထုတ်ဖော်မှုကို မပိုးဝါလမ်း၊ ဦးဥတ္တမလမ်း၊ အမ်းလမ်းအတိုင်း မြို့ပတ်လမ်းတလျှောက် လမ်းလျှောက်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
တောင်ကုတ်မြို့မှာ တရားမဝင်အရက်ရောင်းချတဲ့ စားသောက်ဆိုင်ပေါင်း ၂၀၀ လောက် ရှိပြီး၊ တရားဝင် အရက်ဆိုင်တွေက ၆၀ လောက်ရှိနေပါတယ်။
ရခိုင်ပြည်နယ်အနှံ့ အရက်ဆိုင်တွေ များပြားလာပြီး လူငယ်တွေ အရက်သေစာ သောက်စားမှုတွေ မြင့်မားလာတာကြောင့် မြို့နယ်အချို့တွေမှာ အရက်မရောင်းဖို့ တားမြစ်ပိတ်ပင်ထားရှိပါတယ်။
သတင်း - ဝဏ္ဏခွာညို










