DVB Logo
Home
မြန်မာသတင်း
သုံးပန်လှကျေးရွာတွင် ရွာသားအချို့ အမျိုးအမည်မသိ အရေပြားရောဂါ ဖြစ်ပွား
DVB
·
September 9, 2016
သုံးပန်လှကျေးရွာတွင် ရွာသားအချို့ အမျိုးအမည်မသိ အရေပြားရောဂါ ဖြစ်ပွား
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာမှာ ရွာသားတချို့ အမျိုးအမည်မသိ အရေပြားရောဂါ ဖြစ်ပွားနေပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်ခန့်ကစပြီး သုံးပန်လှကျေးရွာမှာ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ အမည်မသိ အရေပြားရောဂါတွေ ဖြစ်ပွားနေကြတာပါ။

လက်ရှိဖြစ်ပွားနေတဲ့ အရေပြားရောဂါက သြဂုတ် ၁၈ ရက်နေ့ကနေ စက်တင်ဘာ ၃ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ နွားရောဂါနဲ့ ဆက်စပ်မှု ရှိ၊ မရှိ ဆိုတာတော့ ကျန်းမာရေးဌာနရဲ့ အတည်ပြုချက် မရရှိသေးပါဘူး။

“ဒီနွားကို ဖျက်တဲ့ဆီပေါ့၊ အမဲဖျက်တာပေါ့ဗျာ။ အဲဒီနွားသေကို သူတို့ ရွာအပြင်ဘက် ထွက်ပြီး လှည်းတွေ ဘာတွေနဲ့ တိုက်သွားပြီး ဖျက်တယ်။ အဲဒီမှာ အဲဒီသွေးကို ကိုင်တဲ့လူတွေ၊ ဥပမာ နွားကိုင်တာဆိုတော့ ဓားတို့ ဘာတို့ ပါတယ်ပေါ့ဗျာ။ ရှတာတွေ ဘာတွေ၊ နှီးကြောရှတာတွေ အဲဒီနေရာတွေက ကူးတယ်လို့ ပြောတာပဲ။ သွေးထိလို့ပေါ့။ စားတဲ့လူတော့ ဖြစ်တယ်လို့ မကြားဘူး။ အဲဒီ ကိုင်တဲ့လူပဲ။ သွေးအစိမ်းကိုင်တဲ့လူပဲ။ အခု ဖြစ်တာကလည်း ဖျက်တာ ကိုင်တဲ့လူတွေပဲ ဖြစ်နေတာပေါ့။ အနာပေါက်တာပေါ့။ ဒီနေ့ထိ အနာကူးစက်ခံရတဲ့လူကတော့ ဒီနေ့အထိ ၇ ယောက်ပေါ့။ ကျနော် ဖြစ်ဖြစ်ချင်း သတင်းကြားကြားချင်း မနေ့က ရီပို့တက်တာကတော့ ၅ ဦးတည်းပေါ့ဗျာ။ အခု ဒီနေ့ ၂ ယောက် တိုးတယ်ဆိုတော့ ၇ ယောက် ဖြစ်သွားတာပေါ့” လို့ သုံးပန်လှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က ပြောပါတယ်။

အရေပြားရောဂါက သေဆုံးနွားတွေရဲ့ သွေးနဲ့ တိုက်ရိုက်ထိတွေ့တဲ့သူတွေမှာသာ ဖြစ်ပေါ်နေတာပါ။ အများအားဖြင့် လက်တွေမှာ ဖြစ်ကြပြီး ခြေထောက်တွေမှာပါ ဖြစ်သူလည်း ရှိပါတယ်။ ဖြစ်စမှာ သွေးခြည်ဥရောင် နီညိုရောင် အဖုကလေးကနေ တဖြည်းဖြည်း ကြီးထွားရောင်ကိုင်းလာပြီး နာကျင်စွာ ခံစားရတယ်လို့ ရောဂါဖြစ်ပွားနေသူ တဦးက ပြောပါတယ်။

“စဖြစ်တာက အဲဒီနွားရှင်လည်း ပါတယ်။ အဲဒီနွားလို့ သူက ယူဆပြီးတော့ ပြောတဲ့ စကားပြောပေါ့နော်။ သူတို့လင်မယားနှစ်ယောက် စဖြစ်တယ်။ ဖြစ်ပြီးတော့ ကျုပ် ဖြစ်တယ်။ ကျုပ် ဖြစ်တော့ ကျုပ် ဘလေး ဖြစ်တယ်။ ကျုပ်ဘလေး ပြီးတော့ အခု ကျုပ် တူတော်မောင် ဖြစ်တယ်။ တိုတိုပြောမယ်ဆိုရင် စားတဲ့လူတိုင်း မဖြစ်ဘူး။ လောလောဆယ်တော့ ကိုင်တဲ့လူ ဖြစ်နေတာပဲ များတယ်” လို့ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာနေ ဦးမြင့်ဇော်ဝင်းက ပြောပါတယ်။

သြဂုတ်လအတွင်းကလည်း ဘုတလင်မြို့နယ်မှာ ထောင့်သန်းရောဂါကြောင့် သေဆုံးတဲ့ နွားသားကို ဖျက်စားရာမှ လူ ၁ ဦး သေဆုံးမှုဖြစ်ခဲ့ပြီး ၈ ဦး ဆေးကုသမှု ခံယူခဲ့ရပါတယ်။

သုံးပန်လှကျေးရွာက နွားသေဆုံးမှုနဲ့ ပတ်သက်ပြီး ဘာကြောင့် သေဆုံးတယ်ဆိုတာ အတည်ပြုချက် မရရှိသေးသလို လူတွေမှာ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ဆက်စပ်မှု ရှိ၊ မရှိကိုလည်း ဓာတ်ခွဲစစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးတဲ့နွားတွေအားလုံးဟာ ကာကွယ်ဆေးမထိုးထားတဲ့ နွားတွေလို့ ပြောပါတယ်။ လက်ရှိမှာတော့ တိမွေးကုမှ ကျန်ရှိနေတဲ့ နွားတွေကို ကာကွယ်ဆေးထိုးတာတွေ ပြုလုပ်နေပါတယ်။ သုံးပန်လှကျေးရွာမှာ နွားကောင်ရေ ၅၀၀ ခန့် ရှိပါတယ်။

သတင်း-အောင်ကိုလတ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013