DVB Logo
Home
မြန်မာသတင်း

မြန်မာအပေါ် ဒဏ်ခတ်အရေးယူမှုများဆက်လုပ်ရန် ကချင်အမျိုးသမီးအဖွဲ့ တိုက်တွန်း

နော်နိုရင်း
·
September 9, 2016
မြန်မာအပေါ် ဒဏ်ခတ်အရေးယူမှုများဆက်လုပ်ရန် ကချင်အမျိုးသမီးအဖွဲ့ တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရသစ်တက်လာပေမယ့် ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မရှိသေးတဲအတွက် မြန်မာနိုင်ငံပေါ်ထားရှိတဲ့ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ဆက်လုပ်ပြုလုပ်ဖို့ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ)က တောင်းဆို လိုက်ပါတယ်။

ဒီကနေ့ အဖွဲ့တည်ထောင်ခြင်း  ၁၇ နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ ထည့်သွင်းတောင်းဆို လိုက်တာဖြစ်ပါတယ်။

ကချင်အမျိုးသမီးအစည်းအရုံး (KWAT) ရဲ့ အထွေထွေအတွင်းရေးမှူး ဂျန်မွန်းနေလီက “အန်အယ်လ်ဒီ အစိုးရ တက်လာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံကြီးက ပြုပြင်ပြောင်းလဲမှု အကြီးကြီး ဖြစ်သွားပြီ။ ဘာမှ စစ်ပွဲတွေ မရှိတော့ဘူးဆိုတဲ့ပုံစံ၊ ပြီးရင် အားလုံးက ဒီမိုကရေစီ နိုင်ငံလို့ အသွင်ကူးပြောင်းမှုတွေဖြစ်သွားပြီဆိုတဲ့ အယူအဆတွေကို နိုင်ငံတကာကနေ အဲလို အထင်အမြင်တွေအပေါ်မှာ သူတို့ရဲ့ပေါ်လစီတွေ ပြောင်းလဲသွားတာပေါ့နော်။ အထူးသဖြင့် အမေရိကန်ဟာဆိုရင် မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာဆိုရင် သူတို့ ဟိုးအရင်ကတည်းက မားမားမတ်မတ်ရပ်ပြီးတော့ ဖိအားပေးခဲ့ တယ်။ ပိတ်ဆို့မှုလုပ်တဲ့ ကိစ္စတွေဆိုလို့ရှိရင်လည်း ပြုပြင်ပြောင်းလဲမှုအတွက် အများကြီး အထောက်အကူဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာ အရပ်သားအစိုးရ တက်လာပြီဆိုတာနဲ့ပဲ သူတို့ အားလုံးလျော့ချတာတွေရှိလာတယ်။ ဆိုတော့ ကျမတို့ အနေနဲ့ မြင်တာက မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေကလည်း ရှိနေဆဲဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ့နော်။ ဆိုတော့ ကျမတို့ နိုင်ငံမှာ ကျမတို့ လိုချင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ရောက်လာဖို့အတွက်နဲ့ တကယ်ပဲ ကျမတို့ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရောက်လာဖို့အတွက်ဆိုလို့ရှိရင် နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေ၊ ဖိအားပေးမှုတွေ အများကြီးလိုအပ်နေသေးတယ်” လို့ ပြောပါတယ်။

အန်အယ်လ်ဒီအစိုးရသစ်တက်လာတဲ့ လွန်ခဲ့တဲ့ ၆ လခန့်က ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ထိန်းချုပ်ထားတဲ့ဒေသကို သိမ်းပိုက်ဖို့ မြန်မာ့တပ်မတော်အနေနဲ့ တပ်အင်အား အများအပြားနဲ့ ထိုးစစ်ဆင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုးစစ်ကြောင့် ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အရပ်သားအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေရပါတယ်။ ဒါ့အပြင် ၂၀၁၁ ခုကနေ  အခုချိန်ထိ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ စစ်ပြေးဒုက္ခသည်တွေ ၁ သိန်းကျော် ရှိနေတယ်လို့ လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ပတ်က   ၂၁ ရာစုပင်လုံညီလာခံကျင်းပနေချိန်မှာတင် မြစ်ကြီးနားမြို့နဲ့ ကီလိုမီတာ ၅၀ ခန့်သာကွာဝေးတဲ့ မိုးကောင်းမြို့အနီးရှိ ကေအိုင်အေ တပ်စခန်းကို အစိုးရတပ်က တိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် တိုင်းရင်းသားဒေသတွေကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင်မှုတွေနဲ့ အကြမ်းဖက်ကျူးလွန်မှုတွေ ရပ်ဆိုင်းသွားရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်အဖြစ် ပြုပြင်ပြောင်းရေးတို့အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာဖို့ နိုင်ငံတကာက မြန်မာအစိုးရကို ဖိအားပေးဖို့လည်း KWAT က တိုက်တွန်းပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013