
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့တောင်ဘက် အုန်းပင်ကွင်းကျေးရွာအုပ်စု၊ အေးရွာကျေးရွာမှာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အိမ်ခြေ ၇၀ ကျော်နဲ့ လူဦးရေ ၂၂၁ ဦးကို အရေးပေါ် ရွှေ့ပြောင်းပေးနေရပါတယ်။
"စက်တင်ဘာ ၆ ရက်နေ့ကစပြီး ဖျက်ရတာပါ။ မြစ်ရေကြီးတဲ့အချိန် အန္တရာယ်ကတမျိုး ခုလိုရေပြန်ကျသွားတဲ့ အခါကြတော့လည်း ကမ်းပါပြိုတဲ့ အန္တရာယ်နဲ့ပါ ကြုံရတော့ ပိုပြီးဒုက္ခရောက်တာပေါ့။ ရေပေါ်သောင်ချွန်းဖျားပြိုလို့ ဒီနေရာဘက်ကမ်းကို ရေစွယ်ထိုးတာပေါ့။ ဘုန်းကြီးကျောင်းကနေ ရွာဖျားထိ ဓာတ်တိုင် ၂၂ တိုင် ဆိုတော့ ပေ ၂၅၀၀ လောက်အရှည်ရှိမှာပေါ့။ အက်ကြောင်းတွေပေးလိုက် ပြိုလိုက်ဖြစ်နေတာ။ ကမ်းစပ်ကနေ ပေ ၂၀၀ လောက် မြေကြီးတွေကတော့ မြစ်ထဲပါသွားပြီ။ ဒီတိုင်းတပတ်လာက်ဆို ဘုန်းကြီးကျောင်းလည်း ဖျက်ရမှာပဲ။ ခုတောင်နတ်လမ်းနဲ့ မုခ်ဦးတိုင်တွေကတော့ ကမ်းထဲပါသွားပြီ။ ဘုန်းတော်ကြီးကျောင်း ပြောင်းရွေ့ဖို့အတွက် မြေနေရာဝယ်နေတာ။ အခုအချိန်ထိမရသေးပါဘူး။” လို့ ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးသိန်းမြင့်က ပြောပါတယ်။
တိုက်ကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က ကမ်းပြိုကျမှုအခြေနေကို လာရောက်ကြည့်ရှုပြီး အထက်ကို တင်ပြပေးမယ့်အကြောင်းနဲ့ အလှူရှင်ရှာပေးမယ့်အကြောင်း ဆရာတော်ကို လျှောက်ထားသွားတယ်လို့ ဆိုပါတယ်။
ဘုန်းတော်ကြီးကျောင်း အလျှင်အမြန် ရွှေ့ပြောင်းဆောက်လုပ်ဖို့ ၀တ္တကမြေရရှိရေး ကျေးရွာနေပြည်သူတွေက စီစဉ်ဆောင်ရွက်ပေးနေပါတယ်။










