DVB Logo
Home
Lead Story
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတဲ့ ရခိုင်အရေး
DVB
·
September 9, 2016
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတဲ့ ရခိုင်အရေး
Donate to DVB

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ စက်တင်ဘာ ၈ ရက်က ရိုဟင်ဂျာဖြစ်ပေါ်လာတဲ့သမိုင်းနဲ့ ရခိုင်သမိုင်းကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ပြောခဲ့ပါတယ်။
နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်မှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့ ကိုဖီအာနန်ကို ပြောခဲ့တာဖြစ်ပြီး ကိုဖီအာနန်ကလည်း ကျေးဇူးတင်စကား ပြန်ပြောခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောလှိုင်က ရိုဟင်ဂျာရယ်လို့ ဖြစ်လာပုံကို ခုလို ပြောခဲ့ပါတယ်။

“၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲတွင် စစ်ရှုံးပြီး ရခိုင်ဒေသသည် ဗြိတိသျှကိုလိုနီဖြစ်သွားခဲ့ကြောင်း၊ ၁၈၈၆ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှကိုလိုနီ ဖြစ်ခဲ့ရကြောင်း၊ ယင်းကာလအတွင်း နယ်ချဲ့တို့က စီးပွားရေးအရ စပါးစိုက်ပျိုးရန် ဘင်္ဂလားဒေသမှ ဘင်္ဂါလီများခေါ်ယူခဲ့ရာ ရခိုင်ဒေသတွင် တဖြည်းဖြည်း လူဦးရေများလာခြင်း ဖြစ်ကြောင်း၊ ဘင်္ဂလားဒေသမှ လာသည့်သူများဖြစ်၍ မိမိတို့က ဘင်္ဂါလီဟုခေါ်ဆိုကြောင်း၊ ယခင်က ဘင်္ဂလားနယ်မြေမှာလည်း အရှေ့ဘင်္ဂလားနှင့် အနောက်ဘင်္ဂလားဟု နယ်မြေနှစ်ခုကွဲသွားပြီး ၁၉၇၁ ခုနှစ်တွင် အရှေ့ဘင်္ဂလား(အရှေ့ပါကစ္စတန်)နယ်မြေမှာ ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်ပေါ်လာကြောင်း၊ ယင်းဘင်္ဂါလီများက သူတို့ကိုယ်သူတို့“ရိုဟင်ဂျာ” ဟုသုံးစွဲလာခြင်းဖြစ်ကြောင်း၊ ယခုဘင်္ဂလားဒေ့ရှ်တွင် နေထိုင်သူများနှင့် ဘာသာစကား၊ ၀တ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုအတူတူပင်ဖြစ်ပြီး မိမိတို့နှင့်ကွဲပြားခြားနားကြောင်း”
တခါ မြန်မာပြည်ရှိတိုင်းရင်းသားလူမျိုးများထဲမှာ ဘင်္ဂါလီ မပါဘူးလို့လည်း သူက ခုလို ပြောခဲ့ပါသေးတယ်။

“မြန်မာနိုင်ငံတွင် ရခိုင်တိုင်းရင်းသားများအပါအ၀င် အဓိကတိုင်းရင်းသား ၈ မျိုးနှင့် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ စုကျော်ရှိပြီး ယင်းမူလတိုင်းရင်းသားမျိုးနွယ်စုများတွင် ဘင်္ဂါလီမပါဝင်ကြောင်း၊ ယင်းဘင်္ဂါလီများက မူလနေထိုင်သည့် ဒေသခံရခိုင်တိုင်းရင်းသားများကို တိုက်ခိုက်ခဲ့၍ နယ်စပ်ဒေသ ဘူးသီးတောင်၊ မောင်တောနယ်မြေမှ Native ရခိုင်များသည် အောက်ဘက်စစ်တွေ၊ ပုဏ္ဏားကျွန်းဘက်သို့ ထွက်ပြေးခဲ့ရကြောင်း၊ ၁၉၄၂ ခုနှစ်တွင် ရခိုင်၊ ဘင်္ဂါလီပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရခိုင်လူမျိုး ၂ သောင်း ကျော်သေဆုံးခဲ့ရကြောင်း၊ နယ်ချဲ့အင်္ဂလိပ်များမြန်မာပြည်မှ ဆုတ်ခွာထွက်ပြေးချိန်တွင် ဖက်ဆစ်ဂျပန်တို့ကို တိုက်ခိုက်ရန် ပေးအပ်ခဲ့သည့် လက်နက်များအသုံးပြု၍ ရခိုင်တိုင်းရင်းသားများကို တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်းမှာ ရခိုင်တိုင်းရင်းသားများ၏ များစွာခံပြင်းမှုကိုဖြစ်စေသည့် အကြောင်းအရာတစ်ခုဖြစ်ကြောင်း”


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘင်္ဂါလီတွေဟာ မူဂျာဟစ်အဖြစ် လက်နက်ကိုင်တိုက်ခဲ့ဖူး ကြောင်းလည်း ကိုဖီအာနန်ကို ရှင်းပြခဲ့ပါတယ်။

“လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်တွင် ရခိုင်ဒေသရှိ ဘင်္ဂါလီများသည် မူဂျာဟစ် သောင်းကျန်းသူအဖြစ် အစိုးရကိုလက်နက်ကိုင်၍ စတင်တိုက်ခိုက်ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း ဆက်လက်တိုက်ခိုက်မှုများရှိ၍ တပ်မတော်အနေဖြင့် ပြန်လည်တိုက်ခိုက် ချေမှုန်းခဲ့ရကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာတနိုင်ငံလုံးတွင် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ရခြင်း၊ ၁၉၇၀ ခုနှစ် ၀န်းကျင်တွင် ဗကပသောင်းကျန်းသူများကို နှိမ်နင်းခဲ့ရခြင်းတို့ကြောင့် ယင်းအချိန်ကာလ အစိုးရများအနေဖြင့် ရခိုင်ဒေသ ဘင်္ဂါလီအ၀င် အထွက်များစွာကို ထိရောက်စွာကြပ်မတ်နိုင်မှုမရှိကြောင်း၊ ယင်းအခြေခံအကြောင်းအရာများမှ အဆင့်ဆင့်ဖြင့် ယခုအခြေအနေအထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း”

နှစ်ပေါင်း ၄၀ ကာလအတွင်း ဘင်္ဂါလီဦးရေ ၂ဆ တိုးလာပုံကိုလည်း ဗိုလ်ချုပ်မှူးကြီးက ခုလို ရှင်းပြခဲ့ပါတယ်။
“၁၉၄၂ ခုနှစ်မှတ်တမ်းများအရ နယ်စပ်ဒေသ မောင်းတောဧရိယာတစ်ခုတည်းတွင်ပင် ဘင်္ဂါလီဦးရေ ၁၂၄၄၅၂ ဦးရှိခဲ့ပြီး ၁၉၈၆ ခုနှစ်စာရင်းအရ ၂၆၀၀၀၀ ကျော်ဖြစ်၍ နှစ် ၄၀ ခန့် အတွင်း လူဦးရေနှစ်ဆတိုးပွားခဲ့ကြောင်း၊ မိမိနိုင်ငံဥပဒေအရ တလင်တမယားစနစ် ကျင့်သုံး သော်လည်း ယင်းတို့အနေဖြင့် လိုက်နာကျင့်သုံးမှုမရှိဘဲ အိမ်ထောင်ပြုမှုများသည့် စနစ်ကြောင့် လည်း လူဦးရေတိုးပွားလာခြင်းဖြစ်ကြောင်း ပြောကြားသည်။ နိုင်ငံသားစိစစ်မှု လုပ်ငန်းများနှင့် ပတ်သက်၍ပြောကြားရာတွင် မိမိနိုင်ငံအနေဖြင့် လူဦးရေလွန်စွာများပြားသည့် အိမ်နီးချင်းနိုင်ငံများ အကြားတွင် တည်ရှိနေကြောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းမှာ အမှားမခံနိုင်ခြင်းကြောင့် အထောက်အထား ပြည့်စုံစွာဖြင့် အချိန်ယူစိစစ်ရကြောင်း၊ ရခိုင်ဒေသတွင်လည်း နိုင်ငံသား စိစစ်ခြင်းလုပ်ငန်း စဉ်များကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ ဆောင်ရွက်ပေး နေကြောင်း၊ ယင်းဥပဒေနှင့်ကိုက်ညီပါက နိုင်ငံသား၊ နိုင်ငံသားပြုခွင့်နှင့် ဧည့်နိုင်ငံသားစသည်ဖြင့် ဥပဒေနှင့်အညီ သတ်မှတ်ခံစားခွင့်ရမည်ဖြစ်ကြောင်း၊ ဒုက္ခသည်စခန်းပြင်ပတွင်ရှိနေသည့် ဘင်္ဂါလီများအနေဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိလျှင် စိစစ်မှုခံနိုင်မည်ဟု ယူဆကြောင်း၊ နိုင်ငံသား စိစစ်မှုလုပ်ငန်းစဉ်များကို မှန်ကန်စွာသိရှိပြီး နှစ်ဖက်လုံးက စိတ်ရှည်မှုရှိရန်လိုကြောင်း”

ရခိုင်အရေးဟာ ဘာသာရေးကြောင့်ဖြစ်တာ မဟုတ်ဘူးလို့လည်း သူက ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံသည် လူဦးရေ ၅၂ သန်းကျော်ရှိပြီး ဗုဒ္ဓဘာသာကိုးကွယ်သူ ၈၇ ရာခိုင်နှုန်း ကျော်၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၆ ရာခိုင်နှုန်းကျော်၊ အစ္စလာမ်ဘာသာကိုးကွယ် သူ ၄ ရာခိုင်နှုန်းကျော်နှင့် ကျန်ရာခိုင်နှုန်းအနည်းငယ်မှာ အခြားဘာသာများကို ကိုးကွယ်ကြကြောင်း၊ မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဗုဒ္ဓဘာသာသည် အများစုကိုးကွယ်ပြီး ထူးခြားသော ၀ိသေသရှိသည့် ဘာသာအဖြစ် အသိအမှတ်ပြုထားသကဲ့သို့ အခြားဘာသာ ကိုးကွယ်မှုများ ကိုလည်း အသိအမှတ်ပြုပြီး လိုအပ်သည်များကူညီစောင့်ရှောက်ရန် အတိအလင်း ပြဌာန်းထား ကြောင်း၊ ခရစ်ယာန်ဘာသာကိုးကွယ်သည့် အချို့နိုင်ငံ၊ အစ္စလာမ်ဘာသာ ကိုးကွယ်သည့် အချို့နိုင်ငံများနှင့် ယှဉ်ကြည့်ပါက မိမိနိုင်ငံတွင် ဘာသာရေးနှင့် ပတ်သက်၍ တင်းကြပ်မှုမရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားကြောင်း၊ အစ္စလာမ်ဘာသာကိုးကွယ်သူ ၄ ရာခိုင်နှုန်းကျော်တွင် လည်း ရှေးနှစ်ပေါင်း များစွာကရောက်ရှိမှု၊ ဘာသာကူးပြောင်းကိုးကွယ်မှုများအဖြစ် ရှေးယခင်က တည်းက လက်ခံထားခြင်းဖြစ် ကြောင်း၊ အစ္စလာမ်ဘာသာဝင် နိုင်ငံသားများတွင် အဆင့်မြင့် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်း များလည်းရှိကြောင်း၊ ယခုပြဿနာမှာလည်း ဘာသာရေး ကြောင့်မဟုတ်ဘဲ ဘာသာရေးကိုအခြေခံပြီး လှုံ့ဆော်နေမှုများသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မျှတစွာ သုံးသပ်ပြောဆို လုပ်ဆောင်လျက် ရှိကြောင်း။”

ကိုဖီအာနန်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရှင်းပြလို့ သူ့အနေနဲ့ သမိုင်းအသိရလို့ ကျေးဇူးတင်တယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

“မိမိအတွက် သမိုင်းအသိရသွားပြီး အနာဂတ်ကိုမြော်မြင်နိုင်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ကော်မရှင်အနေဖြင့် ယခုကိစ္စအတွက် ဆုံးဖြတ်ချက်ပေးခြင်းမဟုတ်ဘဲ Stakeholder များ၊ နှစ်ဖက်အသိုက်အ၀န်းများနှင့်တွေ့ဆုံ၍ လေ့လာသုံးသပ်ပြီး အကြံပေးခြင်း၊ အကြံပြုခြင်းများသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှု ကိစ္စတခုတည်းသာမက ဒေသဖွံ့ဖြိုး တိုးတက်မှုအပါအ၀င် ဘက်စုံထောင့်စုံမှ လေ့လာဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိမိရခိုင်ဒေသ သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် နှစ်ဖက်အသိုက်အ၀န်း၏ စိုးရိမ်ပူပန်မှု အသီးသီးကိုလည်း ကြားသိခဲ့ရပါကြောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်သည် ဆက်လက်ဆောင်ရွက်သင့်ပြီး ဥပဒေနှင့် အညီဆောင်ရွက်ခြင်းဖြင့် ပြဿနာကို ပြေလည်အောင်ဖြေရှင်းနိုင်မည့် နည်းလမ်းများကို လေ့လာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း သမိုင်းကြောင်းနှင့် ယှဉ်ပြီး လေ့လာဆောင်ရွက်ရန် ခုလို အကြံပြု ပြောခဲ့ပါတယ်။
“ရခိုင်တိုင်းရင်းသားများအတွက် ထိရှလွယ်သည့်ဖြစ်စဉ်ဖြစ်၍ ရခိုင်တိုင်းရင်းသားများ လက်ခံ နိုင်ရန်မှာ အဓိကဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ဆန္ဒသည် အဓိကကျကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံသားဖြစ်မှုကိုသာမက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီအရေးတို့ကိုပါ ထည့်သွင်းစဉ်းစားရကြောင်း၊ ကော်မရှင်အနေဖြင့် ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ရသည့် အခြေအနေ သမိုင်းကြောင်းနှင့်ယှဉ်၍ လေ့လာဆောင်ရွက်ရန် အကြံပြုလိုကြောင်း”

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ဥက္ကဋ္ဌ ကိုဖီအာနန်ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးထင်ကျော်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ အသီးသီးတွေ့ဆုံခဲ့ကြရာမှာ ဗိုလ်ချုပ်မှူးကြီးတဦးပဲ ထူးထူးခြားခြား ခုလို ရခိုင်အရေးကို သမိုင်းနဲ့ချီ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013