ဘန်ကောက်မြို့တော်ကို ရေစတင်ဝင်ရောက်
DVB
·
October 20, 2011

ဘန်ကောက်မြို့ တော်ရဲ့  အထက်ပိုင်း ပထုံဌာနီခရိုင် နှစ်ပတ်ကြာ ရေလွှမ်းခဲ့ပြီးနောက် ရေထုဟာ ဘန်ကောက်မြို့တော်ရဲ့ အရှေ့ ပိုင်းက ရပ်ကွက်ဇုန်ကြီး ၇ ခုကို ဒီကနေ့ စတင်ဝင်ရောက်နေပါတယ်။
ဘန်ကောက်မြို့ တော်ရဲ့ အတွင်းဧရိယာကို ကာကွယ်ထားနိုင်ဆဲ ဖြစ်ပေမယ့် ကာကွယ်ရေး သဲအိတ်တမံတွေရဲ့  အပြင်ဘက်အပိုင်းက ရပ်ကွက်ဇုန်ကြီး ၇ ခုက ပြည်သူအားလုံး မိမိတို့ရဲ့ ပစ္စည်းတွေကို ပိုမြင့်တဲ့နေရာတွေဆီ ရွှေ့ပြောင်းဖို့၊ ကားတွေကို မိုးပျံလမ်းမကြီးတွေပေါ်မှာ ရွှေ့ပြောင်းထားဖို့နဲ့  ကလေးငယ်တွေနဲ့ လူမမာတွေကို အသင့်ပြင်ထားတဲ့ ရေဘေးဒုက္ခသည်စခန်းတွေကို စပြီးရွှေ့ပြောင်းထားဖို့  ဘန်ကောက်မြို့တော်ဝန်က ဗုဒ္ဒဟူးနေ့ ညက ထုတ်ပြန်သတိပေးခဲ့ပါတယ်။
ဘန်ကောက်မြို့တော်နဲ့ ပထုံဌာနီခရိုင် နယ်နိမိတ်ကြား ပထုံဌာနီခရိုင်ထဲမှာ ၇ ကီလို ရှည်လျားတဲ့ သဲအိတ်ရေကာတမံကြီးကို ဆောက်ဖို့ အင်အားမရှိဘူးလို့ဘန်ကောက်မြို့တော်ဝန်က ပြောပါတယ်။ ဗဟိုအစိုးရက စီမံဆောင်ရွက်ပေးရမယ့် အပိုင်းလို့လည်း သတင်းထောက်တွေကို ပြောပါတယ်။
ထိုးအစိုးရရဲ့ အရေးပေါ် ရေဘေးကယ်ဆယ်ရေးစင်တာ ဒွန်မောင်းလေဆိပ်က ထိုင်းလေတပ်ပိုင် လေယာဉ်၊ ရဟတ်ယာဉ်နဲ့ ယန္တရားတွေကို ဘန်ကောက် အရှေ့တောင်ဘက် ချွန်ဘူရီ ခရိုင်က အူတဖောင်းရေတပ်စခန်း၊ အရှေ့ မြောက်ပိုင်းက နခွန်ရာ့ချစီမားခရိုင်မှာရှိတဲ့ အမှတ် ၁ လေတပ်စခန်းနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင် အမှတ် ၄၁ လေတပ်စခန်းတွေကို ရွှေ့ပြောင်းထားပြီး လေးလံတဲ့ စစ်လက်နက်တွေကိုလည်း မြင့်တဲ့ နေရာတွေကို ရွှေ့ထားပြီဖြစ်တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
ဒီကနေ့ ညနေ ၅ နာရီခွဲမှာ တပ်ခရိုင်အတွင်းမှာရှိတဲ့ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးရေကာတာ ဖြစ်တဲ့ ဘုမ္မိဘွန်းရေလှောင်ကန်ကြီးက ရေတွေ ထပ်တိုးလာတာတဲ့အတွက် ရေကာတာ မကျိုးအောင် ရေတွေကို လွှတ်ထုတ်ရတော့မယ်လို့ တာတမံဌာနက ထုတ်ပြန်သတိပေးပါတယ်။
ဘန်ကောက်အထက်က နခွန်စ၀မ်၊ အယုဒ္ဓယနဲ့ ပထုံဌာနီစတဲ့ ခရိုင်ကြီးတွေ ရေလွှမ်းနေတာဟာ ဘုမ္မိဘွန်းရေလှောင်ကန်ကြီးက ရေတွေကို ဖောက်ထုတ်နေရလို့ ဖြစ်ပါတယ်။
ရေဘေးကြောင့် လူ ၉ သန်းကျော် ဒုက္ခရောက်နေပြီး ၃၂၀ သေဆုံးသွားပြီလို့ရေဘေးကူညီရေး သတင်းပေးစင်တာက ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။
