DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင်း ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတောင်းဆိုမှု ကချင် ၃ ပါတီ ကန့်ကွက်
DVB
·
September 8, 2016
ကချင်ပြည်နယ်တွင်း ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတောင်းဆိုမှု ကချင် ၃ ပါတီ ကန့်ကွက်
Donate to DVB

၂၁ရာစုပင်လုံညီလာခံမှာ ကချင်ပြည်နယ်ထဲမှာရှိတဲ့ ရှမ်းနီနဲ့ လီဆူတိုင်းရင်းသားတွေက ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ရလိုတဲ့အကြောင်း တောင်းဆိုခဲ့တဲ့ အပေါ် ကချင် ၃ ပါတီက ကန့် ကွက်လိုက်ပါတယ်။

လော်ဝေါ် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (L.N.U.D.P)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)နဲ့ ကချင် ဒီမိုကရက်တစ်ပါတီ (KDP)ပါတီတွေ ပါဝင်တဲ့ ကချင်နိုင်ငံရေး ပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီက စက်တင်ဘာ ၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ကန့်ကွက်လိုက်တာပါ။

ပြီးခဲ့တဲ့ လကုန်ပိုင်းကနေပြည်တော်မှာ ကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ ရှမ်းနီ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီက ရှမ်းနီပြည်နယ် တောင်းဆိုခဲ့ပြီး၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုး တက်ရေး ပါတီက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုခဲ့တဲ့တာပါ။

ကချင်ပြည်နယ်ထဲမှာ ခုလိုကိုယ်ပိုင်နယ်မြေတွေ တောင်းဆိုခြင်းအားဖြင့် ဒေသတွင်းအတူ ယှဉ်တွဲ နေထိုင်သူ လူမျိုးတွေကြားစိတ်ဝမ်းကွဲစေတယ်လို့ ကြေညာချက်ထုတ်ပြန်တဲ့ ကချင်ပါတီ တွေရဲ့ ပြောခွင့်ရ ဦးဘီဟောင်းဇယ်က ဒီဗွီဘီကို ပြောပါတယ်။

“သမိုင်းကြောင်း ဆိုတာတော့ သူ့လူမျိုးနဲ့ သူရှိတာပေါ့လေ။ ဒါပေမယ့် ရှမ်းနီပါတီအနေနဲ့ ကချင်ပြည်နယ်ထဲမှာ ပြည်နယ်တောင်းတာကတော့ မတောင်းဆိုသင့်ပါဘူး။ ပြည်ထောင်စုထဲမှာ ရှမ်းပြည်နယ်ဆိုတာ ရှိပြီးသားပါ။ အဲဒါ တခြားပြည်နယ်ထဲမှာ ပြည်နယ်ထပ်တောင်းတော့ ဒါဟာ ဒေသခံလူထုနဲ့လည်း အငြင်းအပွား အငြင်းအခုံဖြစ်ဖို့အကြောင်းရှိတယ်၊ ဆိုတော့ စိတ်ဝမ်း ကွဲစရာ ဖြစ်လာနိုင်တယ်။ အဲဒါကြောင့် ကန့်ကွက်တယ်။ လက်ရှိ ရှမ်းပြည်နယ်မှာလည်း ကချင်လူမျိုးတွေ ရှိတာဘဲ။ ဒါပေမယ့် ကျနော်တို့ အဲလို မတောင်းဆိုဘူး။ နောက်ပြီးတော့ လီဆူလည်းဘဲ လီဆူတွေတောင်းထားတဲ့ဒေသဟာ လီဆူရယ်၊ ရ၀မ်ရယ် လော်ဝေါ်လို့ခေါ်တဲ့ မရူလူမျိုးတွေရယ် ရောအနှောနေထိုင်ကြတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ လော်ဝေါ်ပါတီက အနိုင်မရဘူး။ လီဆူပါတီက အနိုင်ရတယ်။ လီဆူပါတီက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုတယ်ဆိုတော့ လော်ဝေါ်တွေဟာ မကျေနပ်ကြဘူး။ အဲလိုမတောင်းသင့်ဘူး ဆိုပြီးတော့မှ ၀ိုင်းပြီးပြော လာတဲ့အခါကျတော့ ကျနော်တို့ ပါတီတွေလည်း ကန့်ကွက်စာရေး ရခြင်းဘဲ ဖြစ်ပါတယ်။”

ရှမ်းနီပါတီနဲ့ လီဆူပါတီတို့ကတော့ နယ်မြေတွင်း ပိုမိုတိုးတက်ကောင်းမွန်စေဖို့ တောင်းဆို ရတာလို့ ဒီဗွီဘီကို ပြောပါတယ်။

ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်ကတော့ ကချင်ပြည်နယ်ထဲမှာ ရှမ်းပြည်နယ်တောင်းတာမဟုတ်ဘဲ ရှမ်းနီတို့ရဲ့ နဂိုရှိပြီးသားနယ်မြေဆုံးရှုံးခဲ့ရတဲ့နယ်မြေကို ပြန်လည် အသိအမှတ်ပြုဖို့ တောင်းဆိုတာလို့ပြောပါတယ်။

“ကျနော်တို့က ရှမ်းပြည်နယ်က မဟုတ်ဘူး။ လက်ရှိနေရာမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက ဘိုးဘွားအစဉ် အဆက် နေလာခဲ့ တာ၊ ဒီနေရာကနေ ကျနော်တို့ ဘယ်လို စွန့်ခွာမလဲ၊ ကချင်ပြည်နယ်ဆိုတာ ၁၉၄၇ ပင်လုံစာချုပ် ချုပ်ပြီးမှပေါ်လာတာ၊ ကျနော်တိုမြို့ရွာတွေ အကုန်လုံး ကချင်ပြည်နယ်ထဲ ဆွဲထည့်ခံရတယ်။ ကေအိုင်အေပေါ်လာတော့ လူမျိုးကြီးဝါဒ ကျင့်သုံးတယ်။ ကျနော်တို့တခါ ပြန်ပြီး ဆက်ကြေးပေးပြီးနေနေရတယ်။ အနိုင်ကျင့် ခံရတယ်။ အဲဒီလိုကျတော့ တိုင်းရင်းသား ၂မျိုးက ကွာဟချက်အရမ်းများလာတယ်လေ။ ကျနော်တို့ အနာဂတ်မြန်မာနိုင်ငံကြီး ကောင်းအောင်တည်ဆောက်မယ်ဆိုရင်တော့ ကျနော်တို့ အတ္တတွေ လျှော့ဖို့ လိုအပ်ပါတယ်။ ပြည်နယ်ရှိပြီးသား တိုင်းရင်းသားတွေက သူတို့ပြည်နယ်ကို အသေ ဆုပ်ကိုင်ထားကြမယ်ဆိုရင် ဖက်ဒရယ်ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။”

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဘက်ကတော့ တခြားတိုင်းရင်းသားတွေထက် အခွင့်ထူးရချင်လို့ တောင်းဆိုရတာမဟုတ်ဘဲ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်းဆိုရတာလို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးလာမာလေးက ပြောပါ တယ်။
“ကျနော်တို့က ရ၀မ်မို့လို့၊ ဂျင်းဖောမို့လို့၊ လီဆူမို့လို့ဆိုပြီး ခွဲခြားဆက်ဆံဖို့ ဆန္ဒမရှိပါဘူး။ အတူတကွ ယှဉ်တွဲနေထိုင်ဖို့ပါဘဲ။ ဒါပေမယ့် ဥပဒေအရ ရခဲ့မယ်ဆိုရင်တော့ ရသင့်ရထိုက်တဲ့ အခွင့်အရေးရဖို့ပါ။ ကြိုတင်ပြီးတော့ စိတ်ပူစရာလည်းမလိုဘူး။ တောင်းတိုင်းလည်း ရချင်မှ ရမှာလေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတောင်းရတာကတော့ လက်ရှိအခြေအနေမှာ အဲဒီဒေသက သူကဘဲ ပိုင်သလိုလို ကိုယ်ကဘဲ ပိုင်သလိုလိုနဲ့၊ အစိုးရကလည်း လက်လှမ်းမမှီဘူး။ အဲခါ ကျေတာ့ တရားဥပဒေစိုးမိုးမှုအားနည်းတယ်။ အားနည်းတဲ့ခါကျတော့ ပြည်သူတွေက ဗဟုသုတ အသိပ ညာနည်းပါးပြီး လူနေမှုအဆင့်အတန်းနိမ့်ကျတယ်။ အဲဒါကြောင့် ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေးတွေ ကောင်းမွန်လာအောင် လူမျိုးတမျိုးမျိုးက ခေါင်းဆောင်ပြီးတော့မှ ဆောင်ရွက်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ကျနော်တို့ အလားအလာကောင်းတွေ မြင်တဲ့ အတွက် တောင်းဆိုတာ”

ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်ကနေ စက်တင်ဘာ ၃ ရက်ထိ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံမှာ သက်ဆိုင်ရာ တိုင်းရင်းသားအစု အဖွဲ့ကိုယ်စားလှယ် တွေက ဖက်ဒရယ်ပြည်ထောင်စု အရေးငြိမ်းချမ်းရေးတွေနဲ့ ပတ်သက်ပြီး အမြင်သဘောထားတွေ ဆွေးနွေးတင်ပြ စာတမ်းတွေ ဖတ်ကြား ခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013