
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ခုသီတင်းပတ်ကုန်မှာ ဗြိတိန်နိုင်ငံ ကို သွားရောက်ဖို့ရှိနေတယ်လို့ သမ္မတရုံး ဒုညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တက်ရောက်မိန့်ခွန်းပြောကြား ဖို့ အမေရိကန် ပြည်ထောင်စုကို မသွားရောက်ခင် စင်တင်ဘာလလ ၁၀ ရက်နေ့မှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို သွားရောက်မှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန်ခရီးစဉ်နဲ့ ပတ်သက်ပြီး ဦးဇော်ဌေးက “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့ သွားမှာပါ။ ဗြိတိန် အစိုးရခေါင်းဆောင်တွေနဲ့ တွေ့မယ်။ ဗြိတိန် ၀န်ကြီးချုပ်ကောဘာရော အကုန်တွေ့မယ်”လို့ပြောပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၁၁ ရက်နေ့မှာ ဥရောပ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံ တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေနဲ့လည်း လန်ဒန်မှာ တွေ့ဆုံဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်ခရီးစဉ်အပြီး အမေရိကန်ပြည်ထောင်စုကို ဆက်လက် ထွက်ခွာမှာ ဖြစ်ပြီး ၀ါရှင်တန်မှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။
ဒီနောက် ကုလသမဂ္ဂဌာနချုပ်ရှိရာ နယူးယောက်မြို့ကို ဆက်လက် သွားရောက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ တခြားအစည်းအဝေးတွေမှာ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် တက်ရောက် မိန့်ခွန်းတွေ ပြောကြား ဖို့ရှိပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ လာအိုနိုင်ငံ ဗီယန်ကျန်းမြို့မှာ ရောက်ရှိနေပြီး အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းဝေးတွေမှာ ပါဝင်တက်ရောက်နေပါတယ်။











