DVB Logo
Home
မြန်မာသတင်း
သံလွင်ရေကာတာကြောင့် သဘာဝဂေဟစနစ် ထိခိုက်နိုင်ဟု မွန်လူငယ်အဖွဲ့ သတိပေး
DVB
·
September 8, 2016
သံလွင်ရေကာတာကြောင့် သဘာဝဂေဟစနစ် ထိခိုက်နိုင်ဟု မွန်လူငယ်အဖွဲ့ သတိပေး
Donate to DVB

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ်ပေါ် ရေကာတာတွေ ဆောက်လုပ်ခြင်းအားဖြင့် သဘာဝဂေဟစနစ် အကြီးအကျယ် ပြောင်းလဲစေပြီး ဒေသခံပြည်သူတွေကို ထိခိုက်စေတဲ့အတွက် အတိမ်းစောင်း မခံနိုင်ဘူးလို့ မွန်လူငယ်အဖွဲ့က ပြောပါတယ်။

သံလွင်မြစ်အထက်ဘက်မှာ ရေကာတာဆောက်လိုက်ရင် မြစ်အောက်ဘက်မှာ အရေးပါတဲ့ ရေထိန်းညှိမှုစနစ်နဲ့ နုန်းတင်မြေနုတွေရဲ့ သဘာဝဂေဟထိ န်းညှိခြင်းစနစ်အားလုံး ပျက်စီးကာ ၆ မြို့နယ်ရှိ ကျေးလက်တောရွာက ပြည်သူတွေရဲ့ နေထိုင်မှုဘ၀ပေါ် ထိခိုက်မှုရှိတယ်လို့ တိုးတက်သော မွန်လူငယ်များအစည်းအရုံးရဲ့ သုတေသနအဖွဲ့ခေါင်းဆောင် မိအားချိုင်းက ပြောပါတယ်။

“သံလွင်မြစ်ဝ ဒေသတွေဟာ ရေချိုရေငန်စပ်တဲ့ နေရာတွေဖြစ်တယ်၊ အဲဒီနေရာဟာ အရမ်းကို အရေးပါတဲ့ နေရာတခုဖြစ်တယ်၊ ဒါကို ကမ္ဘာကလည်း အသိအမှတ်ပြုတယ်ပေါ့နော်။ သံလွင်မြစ်က ရေစီးသန်တဲ့အတွက် ပင်လယ်ဆားငန်ရေကို ထိန်းညှိပေးထားတယ်။ တကယ်လို့  မြစ်အပေါ်ပိုင်းကို ပိတ်မယ်ဆိုရင် ဒီသံလွင်ရေရဲ့ ရေစီးသန်မှုက လျော့နည်းသွားမယ်။ အဲဒါကြောင့် ပင်လယ်ရေငန်က တိုးဝင်လာမယ်၊ ဒီမြစ်ဝမှာ မှီခိုတဲ့ စိုက်ပျိုးရေးလုပ်ငန်းက ရေချိုမရှိရင် မဖြစ်ဘူးလေ။ ရေချိုမရှိရင် စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်သွားမယ်။ ပြီးတော့ တံငါလုပ်ငန်းတွေ၊ ရေချိုငါးလုပ်ငန်းတွေ ပျောက်ဆုံးကုန်မယ်။ ဒါဆိုရင် အဲဒီမှာ နေထိုင်တဲ့လူတွေ အသက်မွေးဝမ်းကျောင်းလုပ်ဖို့ မရှိတော့ဘူး။ အဲဒီနောက်ဆက်တွဲ စီးပွားရေး၊ လူမှုရေး အခက်အခဲတွေ လိုက်ပါလာနိုင်မယ်။”

မွန်လူငယ်အဖွဲ့ဟာ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ မွန်ပြည်နယ် မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ဘီလူးကျွန်း၊ ပေါင်နဲ့ ကရင်ပြည်နယ် ဘားအံမြို့နယ်က ရွာသားတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူုးတွေ၊ သံဃာတော်တွေ၊ ရပ်မိရပ်ဖ၊ လူငယ်အဖွဲ့၊ အမျိုးသမီးအဖွဲ့၊ နိုင်ငံရေးအဖွဲ့တွေနဲ့ တွေ့ဆုံပြီး ရေကာတာတည်ဆောက်ခြင်းရဲ့ အကျိုးဆက်တွေ မေးမြန်းကာ “တိမ်းစောင်းမခံနိုင်သောမျှခြေ” လို့ ခေါင်းစဉ်ပေးထားတဲ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

အစီရင်ခံစာနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတရပ်ကိုလည်း စက်တင်ဘာ ၇ ရက်က ရန်ကုန်မှာ ကျင်းပခဲ့ပြီး လက်ရှိအစိုးရအနေနဲ့ သံလွင်မြစ်ပေါ်ရှိ ရေကာတာစီမံကိန်း ၅ ခု၊ မြစ်လက်တက်ပေါ်ရှိ စီမံကိန်းတခုကိုပါ ရပ်တန့်ပေးဖို့၊ ဌာနေတိုင်းရင်းသားတို့ သဘောဆန္ဒမပါဘဲ မဆောင်ရွက်ဖို့၊ ပြည်သူလူထုက ရွေးချယ်ထားတဲ့ အစိုးရအနေနဲ့ ပြည်သူ့ဆန္ဒကို အလေးထားဖို့ တောင်းဆိုလိုက်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ရှမ်းသဘာ၀၀န်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ စိုင်းခေးဆိုင်ကလည်း ရှမ်းပြည်နယ်ရှိ သံလွင်မြစ်ကြောတလျှောက်နေ ပြည်သူများရဲ့ အခြေအနေနဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြည့်စွက်ရှင်းပြခဲ့ပါတယ်။

အလားတူ အနာဂတ်သံလွင်အဖွဲ့မှ နန်းနှင်းရီကလည်း ဟတ်ကြီးရေကာတာ တည်ဆောက်မယ့်အပေါ် ကရင်နီပြည်သူတွေ ရင်ဆိုင်နေရမယ့် ပြဿနာတွေကို လာရောက်ပြောကြားသွားပါတယ်။

ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွင်း ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ်ပေါ်မှာ အစိုးရနဲ့ အကျိုးတူပူးပေါင်းပြီး တရုတ်နဲ့ တိုင်းကုမ္ပဏီတွေက ရေကာတာကြီး ၆ ခု တည်ဆောက်ကာ ရေအားလျှပ်စစ်ထုတ်ယူမယ့် စီမံကိန်းတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာပါ။

စီမံကိန်းအကောင်အထည်ဖော်ဖို့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ လူမှုစီးပွားရေး ထိခိုက်မှု ဆန်းစစ်ရေးတွေ ကွင်းဆင်းဆောင်ရွက်နေပေမယ့် ပွင့်လင်းမြင်သာမှု မရှိတာကြောင့် လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေရဲ့ ကန့်ကွက်မှုတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013