DVB Logo
Home
သုံးသပျခကျြ
ဦးသိန်းစိန် အစိုးရရဲ့လွတ်ငြိမ်းခွင့် ဘာအဓိပ္ပာယ်ဆောင်သလဲ
DVB
·
October 20, 2011
ဦးသိန်းစိန် အစိုးရရဲ့လွတ်ငြိမ်းခွင့် ဘာအဓိပ္ပာယ်ဆောင်သလဲ
Donate to DVB

အားလုံး သိကြတဲ့အတိုင်း ခုတပတ်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပြည်တွင်းပြည်ပ သတင်းတွေမှာ အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ကိစ္စက နေရာယူထားတာ တွေ့ရပါတယ်။

[caption id="attachment_16747" align="alignleft" width="300" caption="phot-reuters"][/caption]

နိုင်ငံတကာတင်မက ပြည်တွင်းထုတ် ဂျာနယ်တွေမှာပါ လွတ်ငြိမ်းချမ်းသာခွင့် သတင်းတွေ အပါအဝင် လူရွှင်တော် ဇာဂနာရဲ့ အင်တာဗျူးတွေက လွှမ်းမိုးထားပါတယ်။

လက်ရှိ ဦးသိန်းစိန် အစိုးရဟာ ဘယ်လို မူတွေနဲ့ လွတ်ငြိမ်းခွင့်ပေးခဲ့သလဲ။ ဘယ်လို ရည်ရွယ်ချက် ရှိခဲ့သလဲ။ နောက်ထပ် ဘာတွေ ဆက်ပြီး လုပ်လာနိုင်သေးသလဲ ဆိုတာကို ခုတပတ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ရင် ပထမဦးဆုံး သတိပြုဖို့ လိုတာက ဦးသိန်းစိန် အစိုးရရဲ့ ပထမဦးဆုံးအကြိမ် လွတ်ငြိမ်းခွင့်အမိန့်ဖြစ်ပါတယ်။ အကျဉ်းသားအားလုံးကို ကျခံနေရတဲ့ ထောင်ဒဏ်ကနေ တနှစ် သက်သာခွင့်ပြုတဲ့ အမိန့်ဖြစ်ပါတယ်။

ဒီအမိန့်ထွက်လာတော့ ပြည်တွင်းပြည်ပ စောင့်ကြည့်ဝေဖန်သူတွေက စိတ်ပျက်လက်ပျက် ဖြစ်သွားကြပါတယ်။ အကြောင်းကတော့ လျှော့ရက် တနှစ်ဆိုတဲ့ အတွက်ကြောင့် တနှစ်အတွင်း လွှတ်ခါနီး လူတွေကို သူ့ရက်အတိုင်း သူလွှတ်ပေးတာ မျိုးမဟုတ်ဘဲ တရက်တည်း စုလွှတ်ပေးလိုက်တဲ့ သဘောသာ ဖြစ်ပြီး ဘာအကြောင်းထူးမှ ရှိမလာလို့ ဖြစ်ပါတယ်။ နောက်တချက် ဆိုးရွားတာက အရင် စစ်အစိုးရဟာ နိုင်ငံရေးသမားတွေကို မတန်တဆ ထောင်ချထားတဲ့ ကိစ္စ ဖြစ်ပါတယ်။ အဲဒီ အချိန်က ထောင်ကျနေတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ဆိုရင် ထောင်ဒဏ် ၁ဝ၆ နှစ်ဖြစ်ပါတယ်။ လူရွှင်တော် ဇာဂနာဟာ မူလ ထောင်ဒဏ် ၅၉ နှစ် ဖြစ်ပါတယ်။ အလားတူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို ချမှတ်ထားတဲ့ ထောင်ဒဏ်တွေဟာလည်း အနှစ် ၅ဝ၊ ၆ဝ စတဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ဖြစ်နေပါတယ်။ ဒါကြောင့်လည်း သမ္မတရဲ့ အမိန့်နဲ့ ထောင်ဒဏ်တနှစ် လျှော့ပေါ့ပေးတယ်ဆိုတာ ဘာမှ ထူးခြားမှု မရှိခဲ့ပါဘူး။

အလားတူပါပဲ။ အခု သီတင်းကျွတ်လပြည့်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ဆိုပြီး ပေးခဲ့ပြန်ပါပြီ။ တကယ်တော့ ဒီလွတ်ငြိမ်းချမ်းသာခွင့် ပေးတာဟာ လွယ်လွယ်ကူကူ ပေးခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ လွှတ်တော်ထဲမှာ တောင်းဆိုတာတွေ၊ မီဒီယာတွေကနေတဆင့် တောင်းဆိုတာတွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေကနေ တဆင့် တောင်းဆိုတာတွေ၊ ပြည်သူတွေက တောင်းဆိုတာတွေ၊ ဒါတင်မက ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မိသားစုတွေကပါ တောင်းဆိုလို့ ပေးလာရတာပါ။ ဒီအတွက်လည်း လွတ်ငြိမ်းခွင့် မပေးခင်တုန်းက ပြည်သူတွေ အများကြီး မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။

နောက်တော့ သမ္မတရဲ့ လွတ်ငြိမ်းခွင့် ကြေညာချက် ထွက်ပေါ်လာပါတယ်။ သမ္မတရဲ့ ကြေညာချက်မှာ ပြစ်ဒဏ်စီရင်ခြင်း ခံရသည့် အသက်အရွယ် ကြီးမြင့်သူများ၊ ကျန်းမာရေး မကောင်းသူများ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူများ အပါအဝင် အကျဉ်းသားအားလုံးအနက်မှ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသော အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေးတယ် ဆိုပြီး ဖော်ပြထားပါတယ်။ ဒါက သမ္မတရဲ့ ကြေညာချက်မှာ ပါသလောက်ပါ။

တကယ့်တကယ် အကျဉ်းထောင်တွေကို ညွှန်ကြားတဲ့ ညွှန်ကြားချက်မှာတော့ ဒီထက် အသေးစိတ်ကျပါတယ်။ ခုတခေါက် လွတ်ငြိမ်းခွင့်ပေးတဲ့ဆီမှာ အချက် (၁၃) ချက်နဲ့ ညွှန်ကြားတယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ ကျန်းမာရေး မကောင်းသူ၊ ကိုယ်ခန္ဓာ ၅ဝ ရာခိုင်နှုန်း ချို့တဲ့သူ၊ အသက် ၇ဝ အထက် ရှိသူ၊ နိုင်ငံခြားသား၊ တပ်မတော် အက်ဥပဒေအရ အရေးယူခံရပြီး ပြစ်ဒဏ်တဝက် ထောင်ဒဏ် ကျခံပြီးသူ၊ ရာဇဝတ်မှု အကျဉ်းသား၊ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် ထောက်လှမ်းရေး၊ အကောက်ခွန်တွေကိုလည်း အမှုအနေအထားအလိုက် ပြစ်ဒဏ်တဝက်နဲ့ အထက် ကျခံပြီးသူတွေ ဖြစ်ရမယ်လို့ ပါပါတယ်။ ပြောရရင် ဒီ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာမှာ နိုင်ငံရေးသမားတွေကို သီးသန့်ရည်ရွယ် လွတ်ငြိမ်းခွင့်ပေးတာမျိုး မတွေ့ရပါဘူး။ ဒါတင်မက နိုင်ငံရေးအကျဉ်းသားတွေကို အခြား ရာဇဝတ် အကျဉ်းသားတွေနည်းတူ ပြစ်ဒဏ်တဝက်နဲ့ အထက် ကျခံပြီးသူတွေကိုမှသာ လွတ်ငြိမ်းခွင့်ထဲ အကျုံးဝင်စေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ မတူတာတခုကတော့ ရိုးရိုးရာဇဝတ် ပြစ်ဒဏ်နဲ့ ထောင်ကျသူတွေဟာ ရိုးရိုး ပြစ်ဒဏ်ချခံထားရသူတွေဖြစ်ပြီး နိုင်ငံရေးသမားတွေကျတော့ ဘယ်သူတွေနဲ့မှ မတူအောင် နှစ်ပေါင်းများစွာ မတရား ပြစ်ဒဏ်ချခံထားရလို့ပဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ လွတ်ငြိမ်းခွင့်ပေးတဲ့နေ့ ရောက်လာပါတယ်။ ထူးထူးခြားခြား လွတ်လာသူဆိုလို့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်၊ လူရွှင်တော် ဇာဂနာ၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးတို့လောက်ပဲ ပါလာပါတယ်။ ကျန် အယောက် (၂ဝဝ) ကျော်ရှိမယ့် နိုင်ငံရေးအကျဉ်းသားတွေကတော့ လွတ်ရက်နီးမှ လွတ်ငြိမ်းခွင့်ရတာ၊ ပြစ်ဒဏ်စေ့ကာနီးမှ လွတ်ငြိမ်းခွင့် ခံစားရတာတွေ ဖြစ်ပါတယ်။ ခြုံပြီးပြောရရင် အရင် စစ်အစိုးရနဲ့ လက်ရှိ ဦးသိန်းစိန် အစိုးရက မှတ်လောက်သားလောက်အောင် နာနာကျင်ကျင် ဒဏ်ခတ်တာကို ခံရပြီးမှ လွတ်လာသူတွေသာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ဦးသိန်းစိန် အစိုးရကပေးတဲ့ လွတ်ငြိမ်းခွင့်ဆိုတာဟာ နိုင်ငံရေးသမားတွေအဖို့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ နာကျင်ထိခိုက်ခံစားပြီးမှ ရတဲ့ လွတ်ငြိမ်းခွင့် ဖြစ်နေခြင်းပါ။ ဒါကြောင့်လည်း လွတ်ငြိမ်းခွင့်ကြေညာပြီးတာနဲ့ အားမလို အားမရ ဖြစ်တဲ့အသံ မကျေမနပ် ဖြစ်တဲ့အသံတွေ ဆူညံလာတာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးတွေဖြစ်တဲ့ ဦးကိုကိုလှိုင်၊ ဒေါက်တာနေဇင်လတ် တို့ကတော့ ဒါဟာ ဒီတကြိမ်တည်းပဲ မဟုတ်ပါဘူး။ ပြည်သူတွေ စိတ်ရှည်သည်းခံကြပါ ဆိုပြီး ပြောဆိုတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကျန်နေရစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်လွှတ်ပေးဖို့ တောင်းဆိုမြဲ တောင်းဆို နေခဲ့ကြပါတယ်။

ဦးသိန်းစိန် အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ အမျိုးသားရင်ကြားစေ့ရေးကို ဖြစ်ပေါ်စေတဲ့ တွန်းအားပေးတဲ့ ဖြစ်ရပ်တခု ဖြစ်မလာခဲ့ပါဘူး။ အကျဉ်းကျခံမိသားစုတွေနဲ့ တိုင်းသူပြည်သားတွေ စိတ်ပျော်ရွှင် ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့ ဖြစ်ရပ်လည်း ဖြစ်မလာခဲ့ပါဘူး။ အပြောင်းအလဲကို တကယ်ခြေလှမ်းနေပါတယ်ဆိုပြီး နိုင်ငံတကာမိသားစုက ကောက်ချက်ချနိုင်လောက်တဲ့ အခြေအနေကိုလည်း မရောက်ခဲ့ပါဘူး။ ဒီအတွက် ဦးသိန်းစိန် အစိုးရအနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို လိုလားတယ်ဆိုရင် အပြောင်းအလဲအတွက် ခြေလှမ်းစနေပြီဆိုတာကို လက်တွေ့ သက်သေပြချင်တယ်ဆိုရင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ဦးခွန်ထွန်းဦးတို့ အပါအဝင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရမယ် ဖြစ်ကြောင်းပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013