DVB Logo
Home
မြန်မာသတင်း
ရွာသားများအား သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့သည့် ရဲဝန်ထမ်း ပြန်တောင်းပန်
DVB
·
September 7, 2016
ရွာသားများအား သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့သည့် ရဲဝန်ထမ်း ပြန်တောင်းပန်
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာမှာ ရွာသားတွေကို သေနတ်ပြ ခြိမ်းခြောက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တဦးက သူ့အပြုအမူအတွက် ပြန်လည်ဝန်ချတောင်းပန်ခဲ့ပါတယ်။

စက်တင်ဘာ ၆ ရက်နေ့ မနက်က မှော်ပုံကျေးရွာမှာ ရာအိမ်မှူး ရွေးချယ်ရေးကိစ္စနဲ့ ပတ်သက်ပြီး အချေအတင် စကားများကြစဉ် တိုက်ခိုက်ရေး ရဲစစ်ကြောင်းမှ ဒု-ရဲအုပ်စိုးဇော်ဇော်ဆိုသူက သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တာပါ။

ခြိမ်းခြောက်ခံရသူ ရွာသားတွေက မကျေနပ်တဲ့အတွက် လုံးခင်းနဲ့ ဖားကန့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တိုင်ကြားခဲ့ပြီး သူတို့ပါတီက ကြားဝင်ညှိနှိုင်းပေးတဲ့အတွက် နှစ်ဘက်ကျေအေးသွားကြပြီလို့ ဖားကန့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဒေါ်စိမ်းမာက ဒီဗွီဘီကို ပြောပါတယ်။

“ရွာသားတွေက သေနတ်နဲ့ ခြိမ်းခြောက်ခံရတယ် ဆိုပြီးတော့မှ ဗွီဒီယိုဖိုင်နဲ့အတူ ကျမတို့ဆီ ရောက်လာလို့ ကျမတို့ကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ အမှုဖွင့်ပေးဖို့ သွားကြတယ်။ ထွေအုပ်ကလည်း မရှိတာနဲ့ ဖားကန့်အန်အယ်လ်ဒီရုံးမှာပဲ အားလုံးခေါ်ပြီး မေးကြတယ်။ အဲဒီ သေနတ်နဲ့ခြိမ်းခြောက်တဲ့ ဒု-ရဲအုပ်က သူဒီကိုရောက်လာတာ ၆ ရက်ပဲ ရှိသေးတယ်။ အဲဒီရွာကလည်း ကေအိုင်အေတောမှာဆိုတော့ သူထင်တာ အဲဒီ ငြင်းနေတဲ့လူတွေက သူပုန်လို့ထင်တာတဲ့။ အဲဒါကြောင့် ပါသွားတဲ့လက်နက်နဲ့ ခြိမ်းခြောက်မိတယ်ပေါ့။ အဲဒါကြောင့် ပြန်တောင်းပန်တယ်။ အကုန်ပြေလည်သွားပါပြီ။ ကန်ကျောက်ခံရသူလည်း ကျေအေးတယ်၊ ရွာသားတွေလည်း ကျေအေးတယ်၊ ရဲက ပြန်တောင်းပန်တာ တခါမှမကြုံဘူးသေးတော့ သူတို့တောင် ပြန်ဝမ်းနည်းနေတယ်။"

ပြေလည်အောင် ဖျန်ဖြေညှိနှိုင်းပေးခဲ့တဲ့အထဲမှာ ဖားကန့် အန်အယ်လ်ဒီ ခရိုင်ဥက္ကဋ္ဌရော၊ မြို့နယ်ဥက္ကဋ္ဌပါ ပါဝင်ပြီး တိုက်ခိုက်ရေးရဲတပ်ရင်းက စစ်ကြောင်းမှူးတွေ၊ တပ်ခွဲမှူးနဲ့ အရာရှိတွေလည်း လာကြတယ်လို့ သူက ဆက်ပြောပါတယ်။

အခုလိုကြေရာကြေကြောင်းဖြစ်အောင် ဆောင်ရွက်ပေးတဲ့ အန်အယ်လ်ဒီကို ရွာသားတွေက ဂုဏ်ပြုပွဲ လုပ်ပေးမယ်လို့ ပြောခဲ့ပါတယ်။

မှော်ပုံကျေးရွာ ရာအိမ်မှူး ရွေးချယ်ရာမှာ အုပ်ချုပ်ရေးမှူးဟောင်းက ပြန်လည်အရွေးခံလိုပေမယ့် သူ့ကို မလိုလားတဲ့ဘက်က ငြင်းပယ်တာကြောင့် အချေအတင် စကားများခဲ့တာ ဖြစ်ပါတယ်။

သေနတ်နဲ့ခြိမ်းခြောက်တဲ့ ဒု-ရဲအုပ်ဟာ ရာအိမ်မှူးဟောင်းနဲ့ အတူပါလာတာလို့ မှော်ပုံရွာသားတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013