DVB Logo
Home
နိုင်ငံတကာ
ဂျက်အင်ဂျင်တပ် ရုရှားဒရုန်းကြောင့် ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ် အခက်ကြုံ
DVB
·
September 23, 2026
Photo: REUTERS / SEPARATE PRESIDENTIAL BRIGADE NAMED AFTER HETMAN BOHDAN KHMELNYTSKYI
Photo: REUTERS / SEPARATE PRESIDENTIAL BRIGADE NAMED AFTER HETMAN BOHDAN KHMELNYTSKYI
Donate to DVB

ဂျက်အင်ဂျင်တပ်ထားတဲ့ ရုရှားဒရုန်းတွေကြောင့်  ယူကရိန်း ရွေ့လျား လေကြောင်းရန် ကာကွယ်ရေးအဖွဲ့တခုရဲ့ လူကိုယ်တိုင်သယ်ပြီး ပခုံးထမ်းသုံးနိုင်တဲ့ ဒုံးကျည်ပစ်လွှတ်စက်ကို ကိုင်တွယ်ရသူတွေ စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ်။

“အရင်တုန်းက ရုရှားရဲ့ ရှဟဒ်ဒရုန်းတွေက အမြင့်ပေ တစ်ကီလိုမီတာ ဒါမှမဟုတ် တကီလိုမီတာခွဲလောက်မှာပဲ ပျံသန်းလေ့ရှိပြီး ကျနော်တို့ ပစ်ချတိုက်ခိုက်နိုင်ပေမဲ့ အခု ဂျက်အင်ဂျင်တပ် ဒရုန်းတွေက ၄ ကီလိုမီတာကနေ တချို့ဆိုရင် ၇ ကီလိုမီတာ အမြင့်အထိ ပျံသန်းနေကြပါပြီ” လို့ ပခုံးထမ်း မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်နဲ့ မြို့တော်ကိယက်ဗ်နဲ့ ပတ်ဝန်းကျင်ဒေသတွေကို ကာကွယ်စောင့်ရှောက်ရတဲ့ တာဝန်ကို ထမ်းဆောင်နေသူ၊ နာမည်ဝှက် ရဒ်ကွန်းက ပြောပါတယ်။

နွေရာသီကစပြီး ရုရှားက ဂျက်အင်ဂျင်တပ် ဒရုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် စသုံးလာခဲ့ပြီးတဲ့နောက် ဒရုန်းရာပေါင်းများစွာဟာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ကျော်ဖြတ်ရင်း ကိယက်ဗ်နဲ့ တခြား ယူကရိန်းမြို့တွေပေါ် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ဒရုန်းအသစ်တွေက မြန်နှုန်းမြင့်မားပြီး အမြင့်ကြီး ပျံသန်းနိုင်လို့ ဒရုန်းနဲ့ ခရုဇ်ဒုံးကျည်အကြား ခြားနားချက်ကိုတောင် ဝေဝါးစေတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။

စက်တင်ဘာလ ပထမသုံးပတ်အတွင်း ရုရှားဟာ ယူကရိန်းနိုင်ငံအပေါ် ဂျက်အင်ဂျင်တပ် တိုက်ခိုက်ရေးဒရုန်းအစင်း ၂,၁၀၀ နဲ့ ဒုံးကျည် ၁၃၆ စင်းတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၄ ယောက် အပါအဝင် လူပေါင်း ၂၈၈ ယောက် သေဆုံးခဲ့ရတယ်လို့ ယူကရိန်းဝန်ကြီးချုပ် ဆာဂျီ ကိုရက်စကီက ပြောပါတယ်။

ဩဂုတ်လတုန်းကလည်း ရုရှားက ဂျက်အင်ဂျင်တပ် ဒရုန်းပေါင်း ၂,၈၀၀ ကျော်ကို သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။

ပန်ကာတပ် ရှာဟဒ်ဒရုန်းနဲ့ စာရင် ဂျက်အင်ဂျင်တပ် ဒရုန်းတွေကို တုံ့ပြန်ဖို့ ဒရုန်းဖျက်ဆီးရေးအဖွဲ့က အချိန် မိနစ်ပိုင်းအစား စက္ကန့်ပိုင်းသာ အချိန်ရတော့တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အရင်က ဒရုန်းတွေကို ညဘက်မှာသာ အဓိကထား ပစ်လွှတ်လေ့ရှိပေမဲ့ ခုတော့ ရုရှားက တနေ့လုံး အချိန်မရွေး ပစ်လွှတ်နေပါတယ်။

“ရုရှားရဲ့ ရည်ရွယ်ချက်က ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အားနည်းသွားအောင် လုပ်ဖို့ပါ၊ ကျနော်တို့က တာဝန်ထမ်းဆောင်နေရပြီး အိပ်ချိန်လည်း သိပ်မရကြတော့ဘူး” လို့ ရဒ်ကွန်းက ပြောပါတယ်။

အရင် ဒရုန်းအမျိုးအစားတွေကို တိုက်ခိုက်ဖျက်ဆီးရာမှာ ယူကရိန်းက ၉၀ ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့ပေမဲ့ ဂျက်အင်ဂျင်တပ် ဒရုန်းတွေကို ၆၀ ရာခိုင်နှုန်းလောက်သာ ကြားဖြတ် ဖျက်ဆီးနိုင်တော့တယ်လို့ ယူကရိန်းလေတပ် ပြောရေးဆိုခွင့်ရှိသူ ယူရီအီနတ်က ပြောပါတယ်။

ဒရုန်းအမျိုးအစားသစ်တွေက ပန်ကာတပ်ဒရုန်းတွေထက် ကုန်ကျစရိတ် ပိုများပေမဲ့ ၂၀၂၂ ခုနှစ် ကျူးကျော်စစ်စချိန်မှာ ရုရှားက ယူကရိန်းကို ပစ်ခတ်ခဲ့တဲ့ ခရုဇ်ဒုံးကျည်တွေထက်တော့ ကုန်ကျစရိတ် သက်သာနေဆဲပါ။

ဂျက်အင်ဂျင်တပ် ရုရှားဒရုန်းတွေကို ကြားဖြတ်ဖျက်ဆီးရာမှာ ဒရုန်းဖျက်ဆီးရေး ဒရုန်းတွေကို သုံးပြီး အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်ခဲ့တဲ့ ဖြစ်စဉ်တချို့ကို ယူကရိန်းအရာရှိတွေက အစီရင်ခံပြီးပါပြီ။

ဒါပေမဲ့ သူတို့ကို အလုံးအရင်းနဲ့ ထုတ်လုပ်ဖို့နဲ့ တခြား ဖြေရှင်းနည်းလမ်းတွေအတွက် အချိန်နဲ့ ငွေကြေး လိုအပ်နေဆဲ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013