DVB Logo
Home
မြန်မာသတင်း
ရခိုင်ရပ်မိရပ်ဖလူမှုအဖွဲ့အစည်းများ မစ္စတာကိုဖီအာနန်ကို ဆွေးနွေးတင်ပြခွင့်မရ
DVB
·
September 6, 2016
ရခိုင်ရပ်မိရပ်ဖလူမှုအဖွဲ့အစည်းများ မစ္စတာကိုဖီအာနန်ကို ဆွေးနွေးတင်ပြခွင့်မရ
1 / 14
Donate to DVB

နိုဘယ်ဆုရှင် မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဟာ ရခိုင်ပြည်နယ်အစိုးရ၊ မြို့မိမြို့ဖ၊ လူထုအခြေပြုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ မနက်က စစ်တွေမြို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံပါတယ်။

တွေ့ဆုံရာမှာ မစ္စတာကိုဖီအာနန်က ရခိုင်ပြည်နယ်အရေးကို ထိထိရောက်ရောက်စုံစမ်းပြီး မျှမျှတတ ဖြစ်အောင် ဘက်လိုက်မှုမရှိဘဲ ကောင်းရာကောင်းကြောင်းဖြစ်အောင် အကြံပေး တင်ပြသွားမယ့်အကြောင်း၊ စစ်တွေမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားတွေရဲ့အသံ၊ ရခိုင်ပြည်သူတွေရဲ့အသံကို နားထောင်ကာ မျှမျှတတဆောင်ရွက်သွားမယ့်အကြောင်း ပြောသွား ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေကလည်း ဒီကော်မရှင်အနေနဲ့ အသံတွေ အားလုံးကို နားထောင်ဖို့ အစီအစဉ်ရှိကြောင်း၊ ရခိုင်ပြည်သူတွေကလည်း ပြောလိုတာ ကို ပွင့်ပွင့်လင်းလင်းပြောဆိုဖို့၊ အဲဒီအသံတွေ နားထောင်ဖို့ အခုလို ရောက်ရှိလာတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အစည်းအဝေးမှာ ရခိုင်ပြည်သူ့တွေရဲ့ အသံနားထောင်ဖို့လာတာလို့ ပြောပေမယ့် ရပ်မိရပ်ဖရော၊ လူမှုအဖွဲ့ အစည်းတွေကတော့ ဆွေးနွေးတင်ပြခွင့်မရခင် မနက် ၁၁ နာရီအချိန်မှာ အခမ်းအနားမှူးက တွေ့ဆုံပွဲ အစီအစဉ်ပြီးဆုံးကြောင်း ကြေညာလိုက်တဲ့အတွက် မကျေနပ်မှုတွေ လည်း ဖြစ်ခဲ့တယ်လို့ ရခိုင်လူမှုအဖွဲ့ကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခဲ့သူ ဦးသန်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ အရက်ဖက်အဖွဲ့အစည်းတွေကို ကိုဖီအာနန်တွေ့ဖို့ ဖိတ်ထားပါတယ်။ အရင်ဆုံး အစည်းဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဝန်ကြီးချုပ် ဦးညီပု၊ ပြီးတော့မှ မစ္စတာကိုဖီအာနန်တို့ ပြောတယ်။ သူတို့ သုံးဦးလုံးဆွေးနွေးလို့ပြီး တာနဲ့ကျနော်တို့ အရပ်ဖက် အဖွဲ့အစည်းက ဆွေးနွေးဖို့ပြင်ဆင်လုပ်တုန်းမှာ အခမ်း အနားကိုပြီးဆုံးကြောင့်ကြေညာ လိုက်တယ်။ ကျနော်တို့ဘာဘဲပြောပြော စိတ်မကောင်းဖြစ်မိတာ ပေါ့လေ။ ဒေါသလဲဖြစ်တယ်။ အဓိပ္ပာယ်မရှိတဲ့ အပြင်ယုံကြည်မှုကို ထိခိုက်စေတယ်။ စော်ကားသလိုဖြစ်တယ်။ ဒါကဒီလို မလုပ်သင့်ပါဘူး။”

အလားတူ တွေ့ဆုံပွဲကို ရပ်မိရပ်ဖအနေနဲ့ တက်ရောက်ခဲ့တဲ့ ဦးသာပွင့်ကလည်း ဒီလို ဖြစ်ရတာဟာ ပြည်နယ်အစိုးရရဲ့ စီစဉ်မှုအားနည်းချက်ကြောင့်ဖြစ်ပြီး သူအိမ်ပြန်ရောက်ပြီး ခါမှ ပြည်နယ်ရုံးက ဖုန်းပြန်ဆက်လာကာ တွေ့ဖို့ ပြန်ခေါ်ပေမယ့် ငြင်းပယ်လိုက်တယ်လို့ ပြောပါ တယ်။

“မတွေ့ရတာ အမှန်ကတော့ ကော်မရှင်ကိုအပြစ်မပြောဘူး။ ကျနော်တို့က စီစဉ်တဲ့အစိုးရကိုဘဲ ပြောချင်တာ။ သူတို့အစီအစဉ်ဆွဲတာ အသုံးမကျလို့၊ ကျနော်အိမ်ရောက်ပြီးမှ နောက်မှ ဖုန်းပြန်ဆက်တယ်။ မြို့နယ်အုပ်ချုပ်ရေး လည်းဆက်လာတယ်၊ နယ်လုံဝန်ကြီးလည်း ဆက်တယ်၊ ပြန်လုပ်မယ်တဲ့၊ ဘယ်အချိန်ကျရင် ပြန်တွေ့မယ်၊ ဘာညာနဲ့၊ ခင်ဗျားတို့ အခုလာခဲ့၊ အခုပြန်ဆို ကျနော်တို့က မသွားဘူးလို့ပြောလိုက်တယ်။ သူများတွေတော့ မပြောတတ်ဘူး။ ကျနော့်ဆီ ဆက်တာဘဲ ကျနော်သိတယ်။”

ရခိုင်လူမှုအဖွဲ့အစည်းအတွေအနေနဲ့ ပြောပြစရာ တင်ပြစရာ မေးမြန်းစရာတွေ ကြိုတင်ပြင်ဆင်ခဲ့ပေမယ့်လည်း ဘာမှတင်ပြခွင့်မရလို့ အဲဒီ ကော်မရှင်ရဲ့ အစီရင်ခံစာဟာ တဖက်သတ်ဖြစ်မှာကို စိုးရိမ်တယ်လို့ ရခိုင်လူမှုအဖွဲ့စည်းက ဦးသန်းထွန်းက ပြောပါတယ်။

“ပြောခွင့်ရမယ်ဆိုရင် ပြောဖို့ပြင်လာတဲ့သူတွေက အများကြီးပါ။ ဥပဒေပိုင်းဆိုင်ရာပြောဖို့ ပြင်ဆင် လာတာရှိတယ်၊ လတ်တလော ဖြစ်ပျက်နေတာတွေ ပြောပြချင်တယ်။ သမိုင်းအစဉ်အဆက် ဖြစ်လာတဲ့ကိစ္စတွေ တင်ပြစရာရှိတယ် စသဖြင့် ပြင်ဆင်ထားတာတွေ အများကြီးရှိပါတယ်။ အဲဒါတွေကို ကိုဖီအာနန်နားထဲရောက်အောင် ပြောမယ်ဆိုပြီး သွားကြတာ၊ အခု ကျနော်တို့ပြော လိုတဲ့စကားကို ပြောခွင့်မရဘဲနဲ့ ပြီးသွားပြီဆိုရင်တော့ ဒီကော်မရှင်ဟာ ရခိုင်ပြည်သူရဲ့ သဘော ထားကို နားမထောင်ဘဲနဲ့ ဘင်္ဂလီဘက်ခြမ်း တခြမ်းတည်းကဟာကို နားထောင်ပြီးတော့မှ အစီရင်ခံစာတင်သွင်းမယ့် အနေအထားဖြစ်သွားတာပေါ့။ ကျနော်တော့ ဒီလိုပဲမြင်ပါတယ်။”

ဒီကနေ့ တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်အခြေစိုက် ကုလသမဂ္ဂအေဂျင်စီ လက်အောက်ခံ အဖွဲ့အစည်းတွေက ၀န်ထမ်းတွေ၊ ရပ်မိရပ်ဖနဲ့ လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ စုစုပေါင်း တစ်ရာကျော် တက်ရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကတော့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ကို ကြိုဆိုတဲ့ အကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ သိမ်မွေ့နက်နဲတဲ့ အရေးကိစ္စတွေကို ဖြေရှင်းနိုင်မယ့် ရေရှည်နည်းလမ်း ကောင်းများကို ရှာဖွေသွားဖို့ရည်ရွယ်ချက်နဲ့ အဖွဲ့ဝင် ၉ ဦးပါ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို အစိုးရက သြဂုတ် ၂၄ ရက်က ဖွဲ့စည်းတာဝန်ပေးခဲ့တာပါ။

အဆိုပါအဖွဲ့ထဲမှာ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အပါအ၀င် နိုင်ငံခြားသား ၃ ဦးပါ ပါဝင်နေတာကြောင့် ရခိုင်ပြည်သူလူထုရဲ့ အပြင်းအထန် ကန့်ကွက်ခြင်းကိုလည်း ခံနေရပါတယ်။

ဒီကနေ့မနက်က ကိုဖီအာနန်ရခိုင်ပြည်နယ်ကိုရောက်လာချိန်မှာ အကြံပေးကော်မရှင်ကို အလိုမရှိကြောင်း စစ်တွေလေဆိပ်မှာဒေသခံတွေက ဆန္ဒပြခဲ့ကြပြီး၊ ရခိုင်ပြည်နယ် အစိုးရ ရုံးရှေ့အစည်းအဝေးလုပ်နေချိန်မှာလည်း ရုံးအပြင်ဘက်မှာ လူပေါင်းရာချီဆန္ဒပြခဲ့ကြပါတယ်။

သတင်း - ဝဏ္ဏခွာညို၊ ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013