DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမကြီး ၁၁၃ မိုင်အနီးတွင် အငှားယာဉ်တစီး ရေမြောင်းထဲကျ၊ ၁ ဦးသေဆုံး ၄ ဦး ဒဏ်ရာရ
DVB
·
September 5, 2016
အမြန်လမ်းမကြီး ၁၁၃ မိုင်အနီးတွင် အငှားယာဉ်တစီး ရေမြောင်းထဲကျ၊ ၁ ဦးသေဆုံး ၄ ဦး ဒဏ်ရာရ
1 / 6
Donate to DVB

အမြန်လမ်းမကြီး ၁၁၃ မိုင် အနီးမှာ ဒီနေ့ မနက်ပိုင်း အငှားယာဉ်တစီး ရေမြောင်းထဲထိုးကျခဲ့ပြီး လူ ၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် အမြန်လမ်းမကြီး ၁၁၃ မိုင် အနီးမှာ စက်တင်ဘာ ၅ ရက် မနက် ၈ နာရီခန့်က ရန်ကုန်ကနေပြည်တော်ကို လူ ၅ ဦးတင်ဆောင်လာပြီး ထွက်ခွာလာတဲ့ ယာဉ်မောင်း ဦးထွန်းအောင်ကျော် မောင်းနှင်လာတဲ့ ပရိုဘောက်အငှားယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ အမြန်လမ်းမကြီးနဘေး ဖြူးချောင်း ရေလွှဲဆည်မြောင်းထဲသို့ ထိုးတိမ်းမှောက်ပြီး လူ ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့တာပါ။

“ဖြစ်တဲ့အချိန်က တော့ ၇ နာရီ ၅၀ မိနစ်လောက်မှာဖြစ်တာ။ ၈ နာရီဝန်းကျင်ခန့်ပေါ့၊ ဖြစ်တာက ကားက အရှိန်မထိန်းနိုင်ပဲနဲ့ ဒီလမ်းဘေး ဖြူးချောင်း ရေလွှဲဆည်ထဲကို ထိုးကျသွားတာ ရေပိုလွှဲ ချောင်းထဲပေါ့။ လမ်းကြောင်းက ရန်ကုန်နေပြည်တော်ဘက် သွားရင်းဖြစ်တာ။ ယာဉ်မောင်း အပါအ၀င် ကျား ၅ ဦးပါလာတာတာ။ တဦးတော့ ဆုံးသွားတယ်။ ကိုထွန်းကျော်အောင် မောင်းတာ၊ ဒရိုင်ဘာက မသေဘူး။ သေသွားတာက ဦးဌေးဝင်း၊ ချောင်းထဲပြုတ်ကျသွားတာ ဆိုတော့၊ ကျွန်တော်တို့ကတော့ ရေကူးပေးရတာပေါ့။ ချောင်းက လူတစ်ရပ်လောက်မြုပ်တယ်။ သူတို့ကိုရေထဲကနေ ဆယ်ပေးထားရတာ။ ကားထဲမှာပါတဲ့သူတွေ အကုန်လုံးရေထဲမှာ ကျနေတာ။ ကံကောင်းတာကတော့ ကားတံခါးလေးပွင့်သွားလို့ပေါ့။ ကားတံခါးမပွင့်ရင်တော့ ကျန်တဲ့သူတွေလည်း မတွေးရဲဘူး။ ဒဏ်ရာရတဲ့သူတွေကို ဖြူးဆေးရုံကိုပဲပို့လိုက်တာ”လို့ ၁၁၅ မိုင်အမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အငှားယာဉ်ကားက လမ်းမကြီးအနီးရှိ ရေအနက်လူတရပ်မြုပ်စာလောက်ရှိတဲ့ ဖြူးချောင်း၊ ရေပိုလွှဲမြောင်းထဲသို့ ထိုးကျတိမ်းမှောက်သွားခဲ့ပြီးနောက် ယာဉ်ပေါ်ပါ အမျိုးသား ၅ ဦးမှာ ပရိုဘောက်ယာဉ်နှင့်အတူ ရေထဲသို့ပြုတ်ကျပါသွားခဲ့ရာ ဖြူး ၁၁၅ မိုင်အမြန်လမ်းရဲတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းကြက်ခြေနီတပ်ဖွဲ့ဝင်များက ရေမြောင်းအတွင်း ဆင်းကူးကာ ကားအတွင်းမှ ဆွဲထုတ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးလုံးကို ဖြူးမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရပါတယ်။

ဖြူးမြို့ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေစဉ် ယာဉ်ပေါ်ပါ ၅ ဦးအနက် ၀ဲဒူးပွန်းပဲ့ဒဏ်ရာ၊ ညာဦးခေါင်းပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့သူ ပဲခူးတိုင်းဒေသကြီး က၀မြို့နယ်နေ ဦးဌေးဝင်း ၅၅ နှစ်မှာ နေ့လယ် ၁၂ နာရီခွဲလောက်က သေဆုံးသွားခဲ့ပြီး ကျန်ထိခိုက်ဒဏ်ရာ ရရှိသူ(မစိုးရိမ်ရ) ၄ ဦးတို့မှာ ဖြူးဆေးရုံမှာ ဆက်လက်ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုထွန်းကျော်အောင်ကို ဖြူးမြို့ ၁၁၅ မိုင်အမြန်လမ်းရဲစခန်းမှ ယာဉ်(ပ)၃၅/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင် (ကညွှတ်ကွင်း )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013