DVB Logo
Home
မြန်မာသတင်း
စစ်တပ်နှင့်ကြံ့ခိုင်ရေးပါတီတို့ ပြောင်းလဲချိန်တန်ပြီဟု တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ထုတ်ပြန်
DVB
·
September 5, 2016
စစ်တပ်နှင့်ကြံ့ခိုင်ရေးပါတီတို့ ပြောင်းလဲချိန်တန်ပြီဟု တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ထုတ်ပြန်
Donate to DVB

တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီတို့ရဲ့ ၂၁ရာစုပင်လုံညီလာခံမှာတင်ပြချက်တွေဟာ မြန်မာပြည် ငြိမ်းချမ်းရေး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ဆန့်ကျင်နေတဲ့အတွက် ရပ်တည်ချက်သဘောထားတွေ ပြောင်းလဲဖို့ အချိန်တန်ပြီလို့ ကိုးကန့်၊ ပလောင်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့တွေက ကြေညာပါတယ်။

ညီလာခံမှာပါဝင်တက်ရောက်ခွင့်မရတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)ကိုးကန့်လက်နက်ကိုင်အဖွဲ့၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်မတော် (AA) အဖွဲ့ ၃ ဖွဲ့က စက်တင်ဘာ ၄ ရက်နေ့စွဲနဲ့ သဘောထား ထုတ်ပြန်လိုက်တာပါ။

“ငြိမ်းချမ်းရေးမူ (၆) ရပ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခိုင်အမာကိုင်စွဲတင်ပြတဲ့ မြန်မာ့ တပ်မတော်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ရဲ့ တင်ပြချက်တွေမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီး ဒီသဘောထား ရပ်တည်ချက်တွေ ပြုပြင်ပြောင်းလဲဖို့ အချိန်တန်ပြီ”လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပပြီးစီးသွားတဲ့ ၂၁ရာစုပင်လုံညီလာခံဟာ မြန်မာပြည်ရဲ့ နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းတဲ့ နိုင်ငံရေးဆွေးနွေးပွဲဆီဦးတည်တာဖြစ်လို့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ အနေနဲ့ ထောက်ခံကြိုဆိုတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီအစိုးရရဲ့ လက်ရှိငြိမ်းချမ်းရေး ကြိုးပမ်းမှု လုပ်ငန်းတွေ ပိုမိုအောင်မြင်ဖြစ်ထွန်းပြီး မြန်မာ့နိုင်ငံရေး ပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်တဲ့အထိ ပါဝင်သင့်ပါဝင်ထိုက်သူတွေ အစုအဖွဲ့တွေ အားလုံးပါဝင်နိုင်တဲ့ ညီလာခံ အစည်းအဝေးတွေ ဆက်လုပ်ဖို့ မျှော်လင့်တဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ငြိမ်းချမ်းရေးညီလာခံမှာတော့ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ်လက္ခဏာတွေ ပါနေတယ်လို့ ဆွေးနွေးပြောဆိုခဲ့ ကြတာဖြစ်ပါတယ်။

တပ်မတော်အစုအဖွဲ့က ဗိုလ်မှူးကြီး တင့်နိုင်အေးက ပြည်ထောင်စုနိုင်ငံတွေရဲ့ အဓိက လက္ခာတွေ ဖြစ်တဲ့ ရေးဆွဲပြဌာန်းထားတဲ့ နိုင်ငံရဲ့အမြင့်ဆုံး အခြေခံဥပဒေရှိတာ၊ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး အာဏာနှစ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပိုင်းခြားသတ်မှတ်ပေးထားတာ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြည်နယ်တွေအတွက် ပြဌာန်းချက်တွေ အကျုံးဝင်တဲ့ အခြေခံဥပဒေမျိုးရှိတာတွေကြောင့် ၂၀၀၈ ဖွဲ့စည်းပုံဟာ ဖက်ဒရယ်ဝိသေသ လက္ခဏာရပ်တွေ ပါရှိပြီးဖြစ်တယ်လို့ ညီလာခံမှာ သုံးသပ်ပြောသွားပါတယ်။

ဒါ့အပြင် တပ်မတော်အစုအဖွဲ့က ဗိုလ်မှူးကြီး စိုးတင့်ကလည်း ဖွဲ့စည်းပုံအရ ပေးအပ်ထားတဲ့ အခွင့်အရေးတွေကို ထိထိရောက်ရောက်အသုံးချပြီး ဥပဒေပြဌာန်းချက်နဲ့အညီ ပြည်သူ့ ကိုယ်စားလှယ်အဖြစ် ကိုယ်တိုင်ပါဝင်ကြိုးပမ်းဆောင်ရွက်၊ လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ခြင်းနဲ့ မိမိဒေသနဲ့ မိမိလူမျိုးတိုးတက်ရေးကို ဆက်လုပ်လုပ်ဆောင်ရမယ်လို့ ညီလာခံမှာ ဆွေးနွေးသွား ပါတယ်။

အလားတူ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးကလည်း ၂၀၀၈ ဖွဲ့စည်းပုံမှာ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် ကျင့်သုံးရေး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မယ့် အခြေခံကောင်း တွေရှိနေတယ်လို့ဆွေးနွေးသွားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ရာစုပင်လုံ)ကို သြဂုတ် ၃၁ ရက်ကနေ စက်တင်ဘာ ၃ ရက်ထိ နေပြည်တော်မှာ ကျင်းပပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နိုင်ငံရေး ပါတီအစုအဖွဲ့က ကိုယ်စားလှယ်တွေတက်ရောက်ပြီး သဘောထား အမြင်တွေ တင်ပြ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013