DVB Logo
Home
မြန်မာသတင်း
ထိုင်းအလုပ်ရှင်ထံက ဘတ်ငွေ ၄၆ သန်းလျော်ကြေးရရန် မြန်မာအလုပ်သမားများအမှုဖွင့်
DVB
·
September 3, 2016
ထိုင်းအလုပ်ရှင်ထံက ဘတ်ငွေ ၄၆ သန်းလျော်ကြေးရရန် မြန်မာအလုပ်သမားများအမှုဖွင့်
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း လုပ်ပူရီခရိုင် လုပ်ပူရီမြို့နယ်က  ပုဂ္ဂလိကပိုင် ကြက်ခြံတစ်ခြံမှာ ၅ နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ မြန်မာအလုပ်သမား ၁၄ ဦးက သူတို့ရပိုင်ခွင့်နဲ့ နစ်နာကြေးငွေ ထိုင်ဘတ် ၄၆ သန်းရရှိဖို့ အလုပ်ရှင်ကို အမှုဖွင့်လိုက်ပါတယ်။

စက်တင်ဘာ ၂ ရက်မနက်က ကာယကံရှင်အလုပ်သမားတွေနဲ့အတူ အလုပ်သမားကူညီရေးအဖွဲ့ဝင်တွေက လုပ်ပူရီ အလုပ်သမားတရားရုံးမှာ သွားရောက်အမှုဖွင့်သလို ထိုင်းကြက်တင်ပို့ရောင်းချရေး လုပ်ငန်းရှင်များ အဖွဲ့ချုပ်ထံကိုလည်း  တိုင်ကြားစာပေးပို့ခဲ့တယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ အတိုင်ပင်ခံ မစ္စတာ အန်ဒီဟောလ်က ဒီဗွီဘီကို ပြောပါတယ်။

“အလုပ်သမားတွေဟာ အဲဒီကြက်ခြံမှာ အလုပ်လုပ်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်း လုပ်အားခ အပြည့်မရတာ၊ အချိန်ပိုလုပ်အားခမရတာ၊ အခွင့်အရေးချိုးဖောက်ခံရတာတွေအတွက် တိုင်ကြားခဲ့တာပါ။ ဒီကြက်ခြံဟာ သူတို့ခြံထွက်ပစ္စည်းတွေကို နိုင်ငံခြားကို တင်ပို့ရောင်းချတဲ့အတွက် နိုင်ငံခြားက အလုပ်ရှင်ပေါင်း ၄၅၂၈၅ ဦးကလည်း အလုပ်သမားတွေဘက်ကနေ လက်မှတ်ရေးထိုးပြီး ထောက်ခံပေးခဲ့တယ်၊  ဘန်ကောက်မှာရှိတဲ့ ကြက်တင်ပို့ရောင်းချရေး လုပ်ငန်းရှင်များအသင်းချုပ်ဆီကို ထောက်ခံပေးတဲ့ လက်မှတ်တွေကို တိုင်စာနဲ့အတူပေးပို့ခဲ့တယ်၊  ဒီနေ့  အလုပ်သမားဘက်က ရှေ့နေပါလိုက်ပြီး ခရိုင်အလုပ်သမားတရားရုံးမှာ အမဖွင့်ပေးခဲ့တယ်။”

လုပ်ပူရီမြို့နယ်က Betagro ကုမ္ပဏီပိုင် ကြက်မွေးမြူရေးခြံမှာ အလုပ်လုပ်နေတဲ့  ယဉ်ယဉ် ဆိုသူ မြန်မာအလုပ်သမားက လုပ်အားခအပြည့်မရတဲ့အပြင် နေ့ရောညပါ အလုပ်လုပ်ပေးနေရကြောင်း အလုပ်သမားကူညီရေးအဖွဲ့ကို ပြီးခဲ့တဲ့ ဇွန်လက တိုင်ကြားခဲ့ပါတယ်။

အလုပ်သမားတွေအနေနဲ့ ရပိုင်ခွင့်အတွက် တိုင်တန်းရာမှာ သက်သေအထောက်အထားလိုအပ်တဲ့အတွက် ယဉ်ယဉ်က သူတို့အလုပ်ဆင်းချိန် ထွက်ချိန် ကတ်ပြားကို အလုပ်သမားအဖွဲ့တွေကို ပြသခဲ့ရာမှာ အလုပ်ရှင်က ယဉ်ယဉ်ကိုရော နောက်အလုပ်သမားတဦးဖြစ်တဲ့ မောင်စိုးရကိုပါ ခိုးမှုနဲ့စွပ်စွဲ ဖမ်းဆီးတရားစွဲခဲ့ပါတယ်။

ဒါဟာ တရားမျှတမှုမရှိလို့ အလုပ်သမားအဖွဲ့က ထိုင်းလုပ်ငန်းရှင်များအဖွဲ့ချုပ်ကို တိုင်ကြားပြီး အလုပ်သမား လုပ်ငန်းရှင်များအဖွဲ့ချုပ်က ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၂ ယောက်ကို ဘတ်ငွေ ၇ သောင်း ၅ ထောင်နဲ့ အာမခံပြီး အပြင်မှာခေါ်ထားခဲ့ပါတယ်။

ဒီအတောအတွင်း အဲဒီကြက်ခြံက မြန်မာအလုပ်သမားပေါင်း ၁၄ ဦးရဲ့ ရပိုင်ခွင့်တွေရဖို့ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာနကို တိုင်ကြားထားရာမှာ အလုပ်သမားတရားရုံးက အဲဒီအလုပ်ရှင်ကို အလုပ်သမားများ ရပိုင်ခွင့်အတွက် ဘတ် ၁ သန်း နဲ့ ၇ သိန်း ပေးလျော်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါပေမယ့် အဲဒီပမာဏဟာ သူတို့  ၁၄ ဦးရဲ့ ၅ နှစ်စာ ရပိုင်ခွင့် အပြည့်အ၀မဟုတ်တဲ့အတွက် အခုလို ထပ်မံအမှုဖွင့် တောင်းဆိုရခြင်းဖြစ်တယ်လို့   ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ အတိုင်ပင်ခံ  အန်ဒီဟောလ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013