DVB Logo
Home
မြန်မာသတင်း
ရေဘေးကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်း၊ ပြန်လည်ထူထောင်ရေးအကူ လိုအပ်နေ
DVB
·
September 2, 2016
ရေဘေးကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်း၊ ပြန်လည်ထူထောင်ရေးအကူ လိုအပ်နေ
Donate to DVB

ရေပြန်ကျသွားတဲ့အတွက် မြန်မာနိုင်ငံတ၀န်း ရေကြီးရေလျှံမှုကြောင့် ဖွင့်လှစ်ထားခဲ့တဲ့  ရေဘေးကယ်ဆယ်ရေးစခန်းတွေ အားလုံးနီးပါး ပိတ်သိမ်းသွားပြီး  ခိုလှုံနေသူတွေ မိမိနေအိမ်တွေမှာ ပြန်လည်နေထိုင်ကြပြီလို့  ရေဘေးအကူအညီပေးနေတဲ့ အစိုးရ၀န်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

“ကယ်ဆယ်ရေးစခန်းတွေအကုန်သိမ်းသွားပြီ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ စခန်းတွေမရှိတော့ဘူး။” လို့  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

ဒါပေမယ့် ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးမှုတွေအတွက်  ပြန်လည်ထူထောင်ရေးအကူအညီတွေ လိုအပ်နေပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ခရိုင် ၃ ခုက မြို့နယ်ပေါင်း ၁၉ မြို့နယ်ရေဘေးကြုံခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၃၇၉ ခုဖွင့်ထားခဲ့ရပါတယ်။ ရေကြီးမှုကြောင့် ရွာပေါင်း ၁၅၀၀ နီးပါး ရေကြီးနစ်မြုပ်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံသူ ၆ သောင်း ၃ ထောင်ကျော်ရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး အတွင်းရေးမှူး ဦးမျိုးမင်းထွန်းက ပြောပါတယ်။

ဧရာဝတီတိုင်းတတိုင်းလုံးမှာ ရေကြီးခဲ့မှုကြောင့် လယ်ဧကပေါင်း ၂ သိန်း ကျော်ပျက်စီးခဲ့ပြီး ပျက်စီးသွားတဲ့ လယ်ဧကတွေအတွက် ထောက်ပံငွေ၊ ချေးငွေတွေရရှိဖို့အတွက် ပြည်ထောင်စုအစိုးရကို တင်ပြသလို အိမ်ခြေ ပျက်စီးသွားသူတွေအတွက် အထောက်ပံ့ဖို့လည်း တင်ပြထားတယ်လို့လည်း ပြောပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့ကစပြီး ဧရာဝတီတိုင်းအတွင်းရေပြန်ကျသွားပြီလို့သိရပါတယ်။  ရေကြီးမှုဒဏ် အဆိုးဆုံးခံရခဲ့ရတဲ့ မြို့နယ်တခုဖြစ်တဲ့  သာပေါင်းမြို့နယ်မှာ လည်း ရေပြန်ကျသွားပြီဖြစ်ပေမယ့် ကုန်းအားလုံးမပေါ်သေးသလို ရေကြီးနစ်မြုပ်သွားတဲ့ လယ်ဧကတွေအတွက် မျိုးစပါးနဲ့ ပဲအတွက် အကူအညီလိုအပ်နေတယ်လို့ ဒေသခံလွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်မိုးဝါက ပြောပါတယ်။

“ရေတွေအရမ်းကြီးနေတဲ့အချိန်တုန်းကတော့ ကူညီကယ်ဆယ်ရေးတွေလာတယ်။ စားသောက် ကုန်တွေလာပြီး ကယ်ဆယ်ရေးတွေလုပ်ပေးခဲ့တယ်။ အခုပြန်လည်ထူထောင်ရေးအတွက် အဓိကလိုအပ်တာကတော့ မျိုးစပါး တွေနဲ့ ပဲတွေပေါ့။ လယ်သမားတွေအတွက်က စပါးပေါ့။ ကိုင်းတွေအတွက်က ပဲတို့ဘာတို့ အဲလိုမျိုး တွေအတွက် သီးနှံတွေလိုအပ်တာပေါ့။ အိမ်တွေ ပျက်စီးတာလည်းရှိသေးတယ်။ တခြားပြင်ပ ကူညီကယ်ဆယ်ရေးတွေကတော့ မျိုးစပါးတို့ဘာတို့ ကူညီကယ်ဆယ်တာမရှိသေးဘူးပေါ့နော်။ အစားအသောက်ကူညီကယ်ဆယ်လာတာပဲ ရှိသေးတယ်။  ”

ဇူလိုင် ၁၅ ကနေ သြဂုတ် ၂၉ ရက်အထိ မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၂  ခုမှာ လူဦးရေ ၅ သိန်းနီးပါး ရေဘေးသင့်ပြီး သေဆုံးသူ ၁၀ ဦး ရှိခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013