
၂၁ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံအတွင်း စီမံခန့်ခွဲမှု အားနည်ချက်အချို့ကြောင့် အဆင်မပြေ ဖြစ်ခဲ့ရ တာတွေရှိခဲ့တာကို နားလည်ပေးဖို့ ငြိမ်းချမ်းရေးကော်မရှင်က မေတ္တာရပ်ခံလိုက်ပါတယ်။
ဝထူးဒေသ ၂ ခေါင်းဆောင် ဦးပေါက်ယူချန်းထံ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်က စက်တင်ဘာ ၁ ရက်နေ့က လက်မှတ်ရေးထိုး စာပေးပို့ပြီး မေတ္တာရပ်ခံလိုက်တာပါ။
ဒီစာမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံဖွင့်ပွဲ အခမ်းအနားနဲ့ ညီလာခံ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲတွေကို “၀”အထူးဒေသ ၂ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့လို့ ၀မ်းမြောက်တဲ့ အကြောင်း ညီလာခံတက်ရောက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးကို နိုင်ငံတော်က တန်းတူညီတူ သဘောထားတဲ့ အကြောင်းဖော်ပြထားပါတယ်။
ဒါ့အပြင် ညီလာခံအတွင်း စီမံခန့်ခွဲမှု အားနည်ချက်အချို့ကြောင့် အဆင်မပြေ ဖြစ်ခဲ့ရတာတွေရှိခဲ့တာကို နားလည်ပေးနိုင်ဖို့ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စား မေတ္တာ ရပ်ခံတယ်လိုလည်းဖော်ပြထားပါတယ်။
ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်ကို မေးမြန်းကြည့်တဲ့အခါမှာတော့ ကော်မရှင်ရဲ့ကိုယ်စားထုတ်ပြန်တာဖြစ်တယ်လို့ ပြောပါတယ်။
ငြိမ်းချမ်းရေး ညီလာခံ လာတက်တဲ့ UWSA ဟာ ဌာနချူပ် ပန်ဆန်း ကနေ မထွက်ခွင်ရော၊ ခရီးစဉ်တလျောက်ရော ဘယ်ဟိုတည်မှာ တည်းခိုတယ်ဆိုတာကိုကော ဦးသိန်းဇော်ရဲ့ ကိုယ်ရေးအရာရှိကနေတဆင့် ဆက်သွယ်ခဲ့တယ်လို့  ဒီဗွီဘီကို ပြောပါတယ်။
အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ''ဝ'' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ကိုယ်စားလှယ်အဖွဲ့ဟာ ၀င်ခွင့်ကတ်ပြားတွေပေးရာမှာ လေ့လာသူအဖြစ်သာ အဆင့်နိမ့် ခွဲခြားဆက်ဆံခံရတယ်ဆိုပြီး မနေ့က ၂၁ရာစုပင်လုံ ညီလာခံ ဒုတိယနေ့မှာ စာတမ်းတင်သွင်း ဖတ်ကြားခြင်းမပြုတော့ဘဲ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။












