DVB Logo
Home
မြန်မာသတင်း
အ၀ီစိတွင်းတူရာမှ ဂက်စ်ငွေ့များထွက်ပြီး မီးတောက်များဖြစ်ပေါ် (ရုပ်သံ)
DVB
·
September 2, 2016
အ၀ီစိတွင်းတူရာမှ ဂက်စ်ငွေ့များထွက်ပြီး မီးတောက်များဖြစ်ပေါ် (ရုပ်သံ)
Donate to DVB

လှည်းကူးမြို့နယ်မှာ အ၀ီစိတွင်းတူးရာက  ဂက်စ်ငွေ့ထွက်ပြီး မီးတောက်တွေ ထွက်ပေါ်လာတာာ သဘာဝ သစ်ဥ သစ်မျှစ်ကနေ ဓာတ်ပြုရာကနေ  ဂက်စ် ထွက်လာတာဖြစ်ကြောင်း ဘူမိဗေဒပညာရှင်တွေက အတည်ပြုပြောဆိုပါတယ်။

သြဂုတ်လ ၂၉ ရက်နေ့က  လှည်းကူးမြို့နယ် စစ်ပင်ကျေးရွာမှာ  အ၀ီစိတွင်းတူးရာမှ  ဂက်စ်ငွေ့ထွက်ပြီး မီးတောက်တွေ ထွက်ပေါ်လာတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ ဒီလို ဂက်စ်ငွေ့တွေထွက်ပြီး မီးတောက်လာတာဟာ သဘာဝသစ်ဥသစ်မြစ်ကနေ ဓာတ်ပြုရာမှာ  ဖြစ်ပေါ်လာတာတဲ့ ဓာတ်ငွေ့ဖြစ်ပြီး  အန္တရာယ်မရှိဘူးလို့ ဆိုပါတယ်။

ဒီဓာတ်ငွေ့ဟာ အကျိုးပြဓာတ်ငွေ့အဆင့်မရှိတာကြောင့် ရွာကို ရွှေ့ပြောင်းခိုင်းတာမျိုးတော့ မရှိဘူးလို့ စစ်ပင်မြောက်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်လတ်က ပြောပါတယ်။

“မနေ့က ဘူမိဗေဒပညာရှင် ဦးအောင်သိန်းဌေးလာသွားတယ်။ စမ်းသပ်ချက် တွေ့ရှိချက်အရ ပြောမယ်ဆိုရင် သူပြောတဲ့အနေအထားက သဘာဝသစ်မြစ် သစ်ဥက နေပြီး ဖြစ်လာတဲ့ ဂက်စ်ငွေ့ပါတဲ့။ ပေ ၁၅၀၊ ၁၇၀ ၀န်းကျင်လောက်မှာပဲ ရှိပါတယ်တဲ့။ အဲဒီဂက်စ်ငွေ့ ကုန်သွားခဲ့သည်ရှိသော် သူ့အရှိန်က ပျက်သွားလိမ့်မယ်တဲ့။ အန္တရာယ် တော့ မရှိနိုင်ဘူးတဲ့။ နိုင်ငံတော်အတွက် အကျိုးပြုမယ့်အထိတော့ မရှိလောက်ဘူးလို့ သူခန့်မှန်းသွားတယ်။ အဲလိုမျိုး ရွာကိုဖယ်ခိုင်းတဲ့ အနေအထားမျိုးတော့ မရှိဘူး။”

သောက်သုံးရေအတွက် အဝီစိတွင်းတူးရာက ပေ ၂၁၀ အောက် မြေအနက်မှာ ဂက်စ်ငွေ့တွေ ထွက်ပေါ်လာတာဖြစ်ပြီး နေ့လယ် ၂ နာရီလောက်ကနေ ဂက်စ်ထွက်ပြီး မီးလောင်တာဟာ ည ၇ ကျော်လောက်မှာ  မီးငြိမ်းသွားတယ်လို့ ရေတွင်းတူးရာမှာပါဝင်တဲံ ဦးဝင်းမြင့်က ပြောပါတယ်။

“လေထုထဲမှာ ပြတ်တောက်ပြတ်တောက်နဲ့ လျှပ်စီးလက်သလို မီးပွင့်လေးတွေ မီးပွင့်လေးတွေ ထထနေတာ တွေ့တယ်။ အဲဒီမှာ ၀ိုင်းဖို့ရင်းဖို့ရင်းနဲ့ မီးထတောက်သွားတဲ့ သဘောမျိုးပါ။ မီးထတောက်သွားတဲ့ အခါကျတော့ ၀ိုင်းပြီးတော့သတ်တာ။ ၂ နာရီ လောက်ကနေ လောင်ပြီးတော့ သတ်လိုက်တာ ငါးနာရီလောက်ကြာတာပေါ့။ နေ့လယ် ၂ နာရီဆိုတဲ့ အခါကျတော့လေ ဘယ်လိုမှ သတ်လို့မရဘူး။ အဲဒီအချိန်မှာ မိုးတွေကလည်း ရွာနေတယ်။ ရွာနေပေမယ့်လည်း မီးကဘယ်လိုမှ သတ်လို့မရဘူး။ သတ်လို့မရ တော့ နောက်ဆုံး ဌာနဆိုင်ရာ အကူအညီတောင်း၊ မြို့နယ်ကိုအကြောင်းကြား၊ MOG အဖွဲ့က ည ၇ နာရီလောက်လာတယ်။ ၇ နာရိ ၁၅ မှာ မီးငြိမ်းသတ်သွားတယ်။ ဓာတု ပေါင်ဒါနဲ့ သုံးယောက်ပြိုင်ပြီးတော့ ပက်သွားတယ်။ ပက်သွားပြီးတဲ့ အခါကျတော့ မီးကတော့ သေသွားပါတယ်။ သို့သော် ဂက်စ်က တွန်းကန်ထွက်နေတုန်းပဲ ရှိသေးတယ်။ အဲဒါကို ကျနော်တို့ ၃၀ ရက်နေ့ မနက် ၃ နာရီလောက်မှာ လုံးဝငြိမ်သွားတယ်။ ဂက်စ်လည်း မထွက်တော့ဘူး။” လို့ ဦးဝင်းမြင့်ကပြောပါတယ်။

လူဦးရေ ၇ ရာကျော်လောက် နေထိုင်တဲ့ လှည်းကူးမြို့နယ်၊ စစ်ပင်မြောက် ကျေးရွာမှာ  အိမ်ခြေ ၁၉၀ ကျော်ရှိပြီး ရေတွင်း ၃၀ လောက်က ထွက်ရှိတဲ့ရေကို သောက်သုံးရေအဖြစ် သုံးစွဲနေကြတယ်လို့ ဆိုပါတယ်။

သတင်းရုပ်သံ - သူဇာလင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013