DVB Logo
Home
Lead Story
ဇီကာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေသည့် စင်ကာပူကိုမသွားရန် သတိပေးချက်မထုတ်ပြန်သေး - ဒေါက်တာသန်းဝင်း
DVB
·
September 1, 2016
ဇီကာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေသည့် စင်ကာပူကိုမသွားရန် သတိပေးချက်မထုတ်ပြန်သေး - ဒေါက်တာသန်းဝင်း
1 / 3
Donate to DVB

စင်ကာပူနိုင်ငံမှာ ဇီကာ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု ၁၀၀ ကျော်ရှိနေပြီး နိုင်ငံတချို့က  ကိုယ်ဝန်ဆောင်မိ ခင်တွေ စင်ကာပူနိုင်ငံကို မသွားကြဖို့ ခရီးသွားသတိပေးချက်တွေထုတ်ပြန်ထားပါတယ်။  ကိုယ်ဝန်ဆောင် မိခင်တွေဟာ  ဇီကာဗိုင်းရပ်ပိုးကူးစက်ခံရင် သန္ဓေသားရဲ့ ဦးနှောက်ထိခိုက် အန္တရာယ်ရှိနိုင်တယ်ဆိုပြီး ဆေးသိပ္ပံပညာရှင်တွေကထုတ်ဖော်ပြောထားကြတာပါ။

မြန်မာနိုင်ငံအနေနဲ့တော့ ကိုယ်ဝန်ဆောင်မိခင်တွေ  စင်ကာပူကိုမသွားဖို့ ထုတ်ပြန်ထားခြင်းမရှိသေးဘူးလို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒု-ညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံ ဆက်လက်ဖတ်ရှူနိုင်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဇီကာဗိုင်းရပ်နဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်ဆောင်ရွက်နေတဲ့ အခြေအနေ သိချင်ပါတယ်။

“ကျနော်တို့က အဓိက စောင့်ကြပ်တာတွေလုပ်နေပါတယ်။ အဓိကတော့ ဒီရောဂါနဲ့ ပတ်သက်ရင် ဒီရောဂါလက္ခာတွေက ဒါတွေရှိတယ်၊ ဖြစ်လာရင်ဒီလိုဖြစ်လာမယ်ဆိုပြီး ကြိုပြီးတော့ ကျနော်တို့ရဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအောက်မှာရှိတဲ့ မြို့နယ်အဆင့်အထိကို ကျနော်တို့ သတင်းတွေထပ်ပြီး ပေးပို့ပြီး ဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုရောဂါ ဆင်တူတဲ့ လက္ခဏာတွေ ပေါ်လာပြီဆိုတဲ့ အခါကျရင် ဘာတွေ ဆက်လုပ်ရမလဲဆိုတာလည်း ကျနော်တို့ ချမှတ်ပြီး သူတို့ကိုပြောထားပြီးဖြစ်ပါတယ်။ ဆိုလိုချင်တာက ဒါနဲ့ ဆင်တူတဲ့ လက္ခဏာတွေ ပေါ်လာရင် ဘယ်လို ဆက်လုပ်ပေးမယ်ဆိုတဲ့ အစီအစဉ်တွေ ဆွဲထားပြီးဖြစ်ပါတယ်။  ”

“လောလောဆယ် အနေအထားကတော့ ရောဂါဖြစ်လာရင် ဆက်လုပ်မယ့် အနေအထားပေါ့၊ လောလောဆယ် အနေအထားအထိတော့ ကျနော်တို့မှာ  Confirmed Cases က Reported မဖြစ်သေးပါဘူး။ မဖြစ်သေးတဲ့အချိန်မှာတော့ ကျနော်တို့က ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေ လုပ်နေပါတယ်။”

“အဓိကတော့ ကျနော်တို့က ဒီ ဇီကာဗိုင်းရပ်စ်က ခြင်ကနေ တဆင့်ကူးတဲ့ရောဂါဖြစ်တဲ့အတွက်ကြောင့် ခြင်နှိမ်နင်းရေးလုပ်ငန်းတွေကို အထူးဦးစားပေးပြီးတော့ ဆောင်ရွက်နေပါတယ်။ ဇီကာဗိုင်းရပ်စ်ကို ကူးနိုင်တဲ့ ခြင်ကလည်း အေဒီးစ်ခြင်အမျိုးအစားပဲဖြစ်ပါတယ်။ အေဒီးစ်ဆိုတာ သွေးလွန်တုပ်ကွေးရောဂါ ကို ကူးတာလည်း အတူတူပဲဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ဒီမှာ သွေးလွန်တုပ်ကွေးတွေလည်း တချို့နေရာ တွေမှာ ဖြစ်နေတဲ့အတွက်ကြောင့် ခြင်နှိမ်နင်းရေးလုပ်ငန်းတွေဆောင်ရွက်တဲ့ တပြိုင်နက်ထဲ  ဇီကာရယ် သွေးလွန်တုပ်ကွေးရယ်  ခွဲခြားဆောင်ရွက်နေတာမဟုတ်ပါဘူး။ ကျနော်တို့ အေဒီးစ်ခြင်နှိမ်နင်းရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်”

အထူးဖြင့် ခုလက်ရှိစင်ကာပူနိုင်ငံမှာ ဇီကာဗိုင်းရပ်ဖြစ်ပွားမှု ၁၀၀ ကျော် လောက်ရှိနေဆိုတော့ ကျန်းမာရေးဌာန အနေနဲ့   လေဆိပ်မှာ စောင့်ကြပ်တာတွေ လုပ်နေပြီလား။

“ လေဆိပ်မှာတော့ ပုံမှန် ကျနော်တို့ ကျန်းမာရေး စောင့်ကြည့်တဲ့အဖွဲ့ရှိပါတယ်။ စောင့်ကြည့်တဲ့အဖွဲ့က ထုံစံအတိုင်း လုပ်နေကျအတိုင်း စိစစ်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ် ”

စင်ကာပူနိုင်ငံမှာ မြန်မာတွေအများရှိနေကြတယ်၊ ၀င်ထွက်သွားလာနေကြတာလဲ အတော်များများရှိ တယ်ဆိုတော့ စင်ကာပူက ပြန်လာတဲ့သူတွေမှာ   ရောဂါဖြစ်ပွားမှုရှိမရှိ  အထူး စောင့်ကြည့်သွားဖို့ ရောအစီအစဉ်ရှိပါသလား။

“ကျနော်တို့က စင်ကာပူရယ်မှမဟုတ်ပါဘူး ။ ရပ်ကွက်တွေထဲမှာ  မြို့နယ်တွေထဲမှာ ကျနော်တို့ ကျန်းမာရေး ၀န်ထမ်းတွေ၊ ကျန်းမာရေးဌာနတွေရှိပါတယ်၊ ဒါနဲ့ဆင်တူတဲ့ ရောဂါလက္ခဏာ တွေ့ရင်အဆင့်ဆင့် သတင်းပို့ဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ စင်ကာပူနိုင်ငံရယ်မှ မဟုတ်ပါဘူး ဘယ်နိုင်ငံကပဲ ပြန်လာပြန်လာ သို့တည်းမဟုတ် ဘယ်ကိုမှမသွားဘဲလည်း ဒီနိုင်ငံမှာပဲနေရင်ဖြစ်နိုင်တဲ့အတွက်ကြောင့် ကျနော်တို့က ဘယ်သူပဲဖြစ်ဖြစ် ဒီလို ဆင်တူတဲ့လက္ခဏာတွေရှိရင် သတင်းပို့ဖို့ ကျနော်တို့က စီစဉ်ထားပြီးဖြစ်ပါတယ်။   ”

ဟုတ်ကဲ့ ခုဆိုရင် နိုင်ငံတချို့ကဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေ စင်ကာပူနိုင်ငံကို မသွားကြဖို့ ခရီးသွား သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ရော အလားတူ လုပ်ဆောင်နေပြီလား၊ လုပ်ဆောင်ဖို့ အစီအစဉ်ရောရှိပါသလား။သိချင်ပါတယ်။

“လောလောဆယ်တော့ မရှိသေးပါဘူး။ ကျနော်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ၀န်ကြီးဌာနရဲ့လမ်းညွန်မှု ထပ်မံတင်ပြပြီးတော့ ဆက်လက်ပြီးတော့ အနေအထားတော့ရှိပါတယ်။”

မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ ဇီကာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု မရှိသေးဘူးလား။

“Reported  Case လုံးဝမရှိသေးပါဘူး။  Reported  Confirmed Case လုံးဝမရှိသေးပါဘူး။”

ဇီကာရောဂါကူးစက်မခံရအောင် ပြည်သူလူထုတွေအတွက်  ဆောင်ရန်ရှောင်ရန် အဓိက ဘယ်လို အချက်တွေ  အကြံပြုတိုက်တွန်းချင်ပါသလဲ။14193803_10154423783092305_205523060_n

“အဓိကက ခြင်ပဲခင်ဗျ။ ခြင်နဲ့ပတ်သက်ရင် နှစ်ခုရှိတာပေါ့။  ခြင်နှိမ်နင်းရေးလုပ်ငန်းတိုင်းမှာ အဓိက အချက်ကြီး နှစ်ချက်ရှိပါတယ်။ တခုက ခြင်မပေါက်ဖွားအောင်လုပ်ကိုင်ဖို့ ၊ တခုက ခြင်ကိုက်မခံရအောင်လုပ်ဖို့။ အဲတော့ ခြင်ပေါက်တယ်ဆိုတဲ့ နေရာက ခြင်က ရေရှိမှပေါက်တယ်ဆိုတဲ့အတွက်ကြောင့် ရေသိုလှောင်တဲ့ နေရာတွေမှာ ဖုံးပါ၊ သွန်ပါ၊ လဲပါ၊ စစ်ပါပေါ့ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးမှာ ပြောတဲ့အတိုင်းပဲ ပြောပါတယ်။ ခြံဝန်းထဲမှာ မိုးရေတင်နိုင်တဲ့ အိုးခွက်တွေကို စွန့်ပစ်ပါ။ ဒါတွေအမြဲတမ်းလုပ်ဖို့ အဆင့်ဆင့်ကျနော်တို့ ပြည်သူလူထုကိုလည်း ပြောထားပြီးဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူလူထုပေါင်းပြီး လုပ်နေကြတာရှိပါတယ်။

"ဒါကတော့ ခြင်နှိမ်နင်းရေးလုပ်ငန်းတွေပေါ့။ လုပ်တဲ့နေရာမှာလည်း လောက်လန်း သတ်ဆေးကိုသုံးတဲ့ ဟာမျိုးလည်းလုပ်ပါတယ်။ခြင်မပေါက်ဖွားအောင်ပေါ့။ ခြင်းပေါက်ဖွားလာပြီးဆိုရင် တော့ ခြင်အကိုင်မခံရအောင် တတ်နိုင်သမျှလေ၀င်လေထွက်ကောင်းအောင် ၊ အလင်းရောင်ရအောင် လုပ်ပါတို့ အမြဲတမ်းပြောပါတယ်။ အဓိကတော့ ဘယ်မှာပဲ အိပ်အိပ် ဘယ်အချိန်ပဲ အိပ်အိပ် ခြင်ထောင် အသုံးပြုပြီးအိပ်မယ်ဆိုရင် ခြင်အကိုက်ခံရတာကို အတော်ကြီးကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေကိုလည်း ကျနော်တို့  ပြည်သူလူထုကို ကျန်းမာရေးပညာပေးလုပ်ငန်းများကို ကျန်းမာရေး လုပ်ငန်း ၀န်ထမ်းများက တဆင့် ဆောင်ရွက်နေတာဖြစ်ပါတယ်။”

အခုလိုအချိန်ပေးပြီးဖြေကြားပေးတာ ဒီဗွီဘီက ကျေးဇူးအများကြီးတင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013