DVB Logo
Home
မြန်မာသတင်း
အလုပ်လက်မဲ့နှုန်း စစ်တမ်းကောက်ယူချက်နှင့် လက်တွေ့တွင် ကွာဟချက်များရှိနေ
DVB
·
September 1, 2016
အလုပ်လက်မဲ့နှုန်း စစ်တမ်းကောက်ယူချက်နှင့် လက်တွေ့တွင် ကွာဟချက်များရှိနေ
Donate to DVB

အလုပ်သမား ၀န်ကြီးဌာနနဲ့ အိုင်အယ်လ်အိုတို့ ပူးပေါင်းကောက်ယူပြီး ထုတ်ပြန်ဖော်ပြတဲ့ စစ်တမ်းမှာ အလုပ်လက်မဲ့ အရေအတွက်ဟာ လက်တွေ့ အလုပ်လက်မဲ့နှုန်းနဲ့ ကွာဟချက်တွေ ရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို)တို့ ပူးပေါင်းကောက်ယူခဲ့တဲ့ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ လုပ်သားအင်အား၊ ကလေးလုပ်သားနဲ့ ကျောင်းအပြီး လုပ်ငန်းခွင်ဝင်ရောက်မှု အကူအပြောင်းဆန်းစစ်ခြင်း အစီရင်ခံစာကို သြဂုတ်လ နောက်ဆုံးပတ်က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအစီရင်ခံစာအရ မြန်မာနိုင်ငံ လူဦးရေရဲ့ ၀ ဒသမ ၈ ရာခိုင်းနှုန်း ၁၆၀၀၀၀ ကျော်သာ အလုပ်လက်မဲ့ ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အဲဒီအရေအတွက်ဟာ လက်တွေ့ မြေပြင်အလုပ်လက်မဲ့နှုန်းနဲ့ ကွာခြားချက်တွေ ရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ထောက်ပြပြောဆိုနေတာပါ။

“ကျနော်တို့အမြင်နဲ့ ပြောရရင်တော့ မြန်မာတနိုင်ငံလုံးမှာ အလုပ်လက်မဲ့ဦးရေဟာ ၁၆၀၀၀၀ ကျော်ပဲရှိတယ်ဆိုတာ ဒါကတော့ မဖြစ်နိုင်ဘူးလို့ ကျနော်တို့က ယူဆတယ်ဗျာ။ ဘာလို့လဲဆိုတော့ ကျနော်တို့ဆိုပဲ ရပ်ကွက်ထဲမှာပဲ ကြည့်ကြည့်ဗျာ။ အလုပ် လက်မဲ့လူဦးရေက အများကြီးရှိတယ်” လို့ ဦးအောင်ကျော်က ပြောပါတယ်။

“ကျနော်တို့နိုင်ငံ လူဦးရေက ၅၁ သန်းရှိပါတယ်။ အဲဒီ ၅၁ သန်းမှာ ကျနော်တို့ တပ်မတော်သားတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေပေါ့ဗျာ။ တပ်မတော်သားတွေ နုတ်လိုက်မယ်။ နောက်တခါ သက်ကြီးရွယ်အိုတွေ နုတ်လိုက်မယ်။ နောက်တခါ ရဟန်း သံဃာ၊ သာသနာရေး အဖွဲ့အစည်းတွေ နုတ်လိုက်မယ်ဆိုရင်တောင်မှ ဒီအလုပ်လက်မဲ့ သည် ၁၆၀၀၀၀ ပဲရှိပါတယ်ဆိုတဲ့ ကိစ္စရပ်ကတော့ ဒါလုံးဝ မြန်မာနိုင်ငံက အနေအထား နဲ့ မဖြစ်နိုင်ပါဘူး။ ကျနော့် အတွေးအခေါ် အမြင်နဲ့ ပြောမယ်ဆိုရင်တော့ လုံးဝမဖြစ်နိုင်ပါဘူး” လို့ ဦးကျင်သိန်းက ပြောပါတယ်။

ဒါ့အပြင် ၂၀၁၄ သန်းခေါင်းစာရင်းအချက်လက်တွေနဲ့ နှိုင်းယှဉ်ပါက  အခုအစီရင်ခံစာပါ  အရေအတွက်ဟာ များစွာနည်းပါးနေပြီး ၇ ဆကျော် ကွာဟနေတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အလုပ်လုပ်နေတဲ့သူ ၂၂ သန်းကျော်ရှိတယ်ပေါ့။ အဲဒီထဲမှာမှ အလုပ်လုပ်နေတဲ့ အလုပ်လက်မဲ့ ဦးရေကတော့ လူတသိန်းကျော်ပဲရှိတယ်လို့ ရေးထား တာ ကျနော်ဖတ်လိုက်ရပါတယ်။ ဒါပေမယ့် အဲဒီမှာ ကျနော်ပြန်ပြီးတော့ ကျနော်တို့ ၂၀၁၄ သန်းခေါင်စာရင်းနဲ့ ပြန်ကိုက်ညီကြည့်တဲ့အခါကျတော့ ၂၀၁၄ အထိ သန်းခေါင် စာရင်းထဲမှာက အလုပ်လက်မဲ့ လူဦးရေ ၄ ရာခိုင်နှုန်းရှိတယ်ဆိုပြီးတော့ ပြောထားတာ ရှိပါတယ်။ အဲဒီအခါကျတော့ သူတို့ပြောတဲ့ ၂၂ သန်းဆိုတဲ့ အလုပ်လုပ်နေတဲ့ လူဦးရေ ရဲ့ ၄ ရာခိုင်နှုန်းကို တွက်ကြည့်လိုက်တဲ့အခါမှာ လူ ၈ သိန်းကျော် ဖြစ်နေပါတယ်။ အဲဒီ အခါကျတော့ ဘယ်ဟာကအမှန်လဲပေါ့။ ကျနော်တို့တိုင်းပြည်မှာ သတင်းအချက် အလက်တွေက တဖွဲ့ကကောက်ရင် တမျိုးဖြစ်လိုက်၊ နောက်တဖွဲ့က ကောက်ရင် တမျိုးပြန်ဖြစ်တယ်ဆိုတဲ့ အခါကျတော့ တိုင်းပြည်အတွက် မူဝါဒတွေလုပ်တဲ့အခါကျ တော့ အခက်အခဲဖြစ်ပါတယ်။”လို့ လူငယ်အရေးဆောင်ရွက်သူ ကိုသက်ဆွေဝင်းက ပြောပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ အိုင်အယ်လ်အိုရဲ့ အထောက်အပံ့နဲ့ အိမ်ထောင်စု ၄၀၀၀၀ ကို သုံးလကြာ အချိန်ယူပြီး ကောက်ခံခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်သမားအင်အား ၂၂ သန်းနီးပါး ရှိပြီး အလုပ်ရှိသူ ၂၁ သန်း ကျော် ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သတင်း-အောင်ဆန်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013