DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကမ္ဘာ့က အံ့အားသင့်ခဲ့ဟု ဘန်ကီမွန်းပြောကြား
DVB
·
August 31, 2016
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကမ္ဘာ့က အံ့အားသင့်ခဲ့ဟု ဘန်ကီမွန်းပြောကြား
Donate to DVB

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ကမ္ဘာ့နိုင်ငံတွေက အံ့အားသင့်ခဲ့ရပြီး သမ္မတ ဦးထင်ကျော် ခေါင်းဆောင်တဲ့ အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ အေးချမ်းသာယာတဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကပြောကြားလိုက်ပါတယ်။

မနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံသို့ ဖိတ်ကြားခံရတဲ့အတွက် ၀မ်းမြောက်ကြောင်း၊ ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်ကို ထောက်ခံတာကို ပြသဖို့ လာရောက်တာ ဖြစ်တယ်၊ ၂၁ ရာစု ပင်လုံညီလာခံအောင်မြင်ဖို့ အလားအလာများပြီး တက်ရောက်မယ့် အဖွဲ့အစည်းတွေရဲ့ စိတ်ရှည်သည်းခံမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို ချီးကျူးဂုဏ်ပြုတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောပါတယ်။

ဒါ့အပြင် မြေငလျင်ကြောင့် ရှေးဟောင်းသာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့တဲ့အပြင် အသက်သေဆုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့သောသူတွေအတွက် များစွာဝမ်းနည်းတဲ့အကြောင်းနဲ့ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေကို အစိုးရအဖွဲ့အနေနဲ့ အမြန်ဆုံးလုပ်ဆောင် နိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့လည်းဆိုပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရာမှာတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ အပေါ် ကုလသမဂ္ဂက ဆက်လက်ကူညီပံ့ပိုးပေးဖို့၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဖို့အပြင် လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှုကိစ္စရပ်တွေနဲ့၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာကိစ္စတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံစဉ်ဆွေးနွေးခဲ့ရာမှာ ရခိုင်ပြည်နယ်အခြေအနေဟာ နက်ရှိုင်းရှုပ်ထွေးတဲ့အတွက် အစိုးရအနေနဲ့ ပြဿနာ အရင်းအမြစ်တွေကို ဖြေရှင်းရာမှာ စိန်ခေါ်မှုများ ရှိနေတဲ့အကြောင်းနဲ့ IDP စခန်းတွေမှာ ဆင်းရဲကြပ် တည်းစွာ နေထိုင်ကြရတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်မှု ရှိကြောင်းကို ပြောဆိုခဲ့တယ်လို့ မစ္စတာ ဘန်ကီမွန်းကပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာနိုင်ငံမှာ သြဂုတ် ၃၀ ကနေ ၃၁ရက်ထိ နှစ်ရက်ကြာ နေထိုင်မှာဖြစ်ပြီး ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံမှာ မိန့်ခွန်းပြောဖို့ရှိသလို၊ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် စသူတို့နဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013