DVB Logo
Home
Lead Story
၂၁ ရာစု ပင်လုံညီလာခံမှသည် ငြိမ်းချမ်းရေးနိုင်ငံတော်သစ်ဆီ
DVB
·
August 30, 2016
၂၁ ရာစု ပင်လုံညီလာခံမှသည် ငြိမ်းချမ်းရေးနိုင်ငံတော်သစ်ဆီ
Donate to DVB

လာမယ့် သြဂုတ်လအတွင်းမှာ စတင်ဖို့ရှိတဲ့ ၂၁ ရာစု ပင်လုံညီလာခံကြီးအတွက် အကြိုညှိနှိုင်းရေးနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ခြင်းဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက် ရယူရေးကို ရည်ရွယ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း တွေရဲ့ မျက်နှာစုံညီအစည်းအဝေးကို ကချင်ပြည်နယ် ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းက မိုင်ဂျာယန်မြို့မှာ ဇူလှိုင်လ ၂၆ ရက်က စတင်ကျင်းပခဲ့ပါတယ်။

ကမ္ဘာဖွံ့ဖြိုးမှုနောက်အကျဆုံးနိုင်ငံစာရင်းဝင် မြန်မာနိုင်ငံကို အလွန်နက်ရှိုင်းနေပြီးဖြစ်တဲ့ ဆင်းရဲတွင်းထဲက ဆွဲထုတ်နိုင်ဖို့အတွက် အသက်တမျှအရေးပါတဲ့ လိုအပ်ချက်တွေထဲမှာ ပြည်တွင်းစစ်ကိုရပ်စဲပြီး ငြိမ်းချမ်းရေးရဖို့ ဆိုတာဟာ ထိပ်ဆုံးမှာအမြဲရှိနေပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကြီးကို တက်ရောက်ကြမဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ၊ တပ်မတော်စစ်ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေက လူပုဂ္ဂိုလ်နဲ့ ကိုယ်စားလှယ်အားလုံး အထူးဂရုပြု သတိထားရမဲ့ အချက် ၃ ချက်ရှိပါတယ်။

အဲ့ဒါတွေကတော့ …
(၁) မြန်မာပြည်သုလူထုကြီးတရပ်လုံးဟာ ပြည်တွင်းစစ်ကို ငြီးငွေ့စိတ်ကုန်နေယုံမက စက်ဆုတ်ရွံရှာ နေပြီဆိုတဲ့အချက်ရယ်၊

(၂) သမိုင်းဝင်မဲ့၂၁ ရာစု ပင်လုံညီလာခံဟာ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို အဆုံးသတ်ပေး မှာ ဖြစ်တာကြောင့် နိုင်ငံတကာက မျက်ခြေမပြတ်စောင့်ကြည့်နေယုံမက မြန်မာပြည်သူ သန်း ၅၀ ကျော်ရဲ့ မျက်လုံးများက စိတ်အားထက်သန်စွာ မျက်တောင်မခတ်တမ်း အကဲဖြတ်ကြည့်ရှုနေမယ် ဆိုတဲ့အချက်နဲ့၊

(၃) မြန်မာနိုင်ငံငြိမ်းချမ်းရေးရဖို့အတွက် ဒီကနေ့ခေတ် မြန်မာပြည်သူတွေဟာ ဇါတ်ခုံအောက်က ပွဲကြည့် ပရိဿတ်မဟုတ်တော့ဘူးဆိုတဲ့ အချက်တွေကို သတိပြုကြစေချင်ပါတယ်။

တကယ်တော့ ဒီ ၂၁ ရာစု ပင်လုံညီလာခံကြီးဟာ စစ်မလိုလားသူတွေနဲ့ စစ်လိုလားသူတွေကို ခွဲခြားမီးမောင်းထိုးပြမယ့် ပွဲဖြစ်ပါတယ်။ ဒီညီလာခံကြီးကိုတက်ရောက်မယ့်သူတွေအားလုံးဟာ တနိုင်ငံလုံးနဲ့ အများပြည်သူတွေ ကာလကြာညောင်းစွာ မွတ်သိပ်တောင့်တနေတဲ့ ငြိမ်းချမ်းရေးကို အနှောင့်အယှက် ဖြစ်စေမယ့် မိမိအကျိုးစီးပွား၊ မိမိလူမျိုးတမျိုးတည်းရဲ့အကျိုးစီးပွား၊ မိမိအဖွဲ့အစည်းတခုတည်း အကျိုးစီပွားနဲ့သာဆိုင်တဲ့ ရပ်တည်ချက်၊ အမြင်၊ သဘောထား အားလုံးကို ပြတ်ပြတ်သားသား စွန့်လွတ်ဖို့လိုပါတယ်။

နောက်အရေးအကြီးအချက်က တပ်မတော်စစ်ခေါင်းဆောင်တွေ အမြဲတမ်းဦးထိပ်ထားပြီး အထိမခံဘူးဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးနဲ့ ပတ်သက်လို့ပဲဖြစ်တယ်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ “ဒို့ တာဝန်အရေးသုံးပါး”ဟာ ငြိမ်းချမ်းရေးမရဘဲ ပြည်တွင်းစစ်မီး မငြိမ်းသတ်နိုင်ဘဲ ထမ်းဆောင်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။ မြန်မာ့တပ်မတော်ဟာ အဲ့ဒီတာဝန်ကို တကယ်ကျေပွန်စွာ ထမ်းရွက်လို တယ်ဆိုရင် ပြည်တွင်းစစ်ကိုရပ်စဲပြီး ငြိမ်းချမ်းရေးရဖို့ ပထမဦးစားပေးလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ပြည်တွင်းစစ် မီးလျှံကြီး တညီးညီးတောက်လောင်နေတဲ့ တိုင်းပြည်တခုမှာ ငြိမ်းချမ်းရေးရဖို့ထက် ဒို့တာဝန်အရေးသုံးပါးကိုသာ ဦးထိပ်ထားတယ် ဆိုရင်တော့ အဲ့ဒီအရေးသုံးပါးဟာ မိမိနဲ့ မိမိ အဖွဲ့အစည်း အာဏာတည်မြဲဖို့ အသုံးချနေတဲ့ ဆောင်ပုဒ်တခုသာ ဖြစ်သွားပါလိမ့်မယ်။

နှစ်ပရိစ္ဆေဒကြာညောင်းစွာစည်းပျက်ကမ်းပျက် အကျင့်စရိုက်တွေ ချွတ်ခြုံကျနေတဲ့ တကျောင်းလုံး တခန်းလုံးနီးပါးမှာပြည့်နှက်နေတဲ့ အကျင့်ပျက်ကျောင်းသား/ကျောင်းသူဆိုးတွေကို စာရိတ္တသီလ၊ ၀ါရိတ္တသီလတွေပြန်လာ ကောင်းမွန်လာအောင် တည့်မတ်ရမယ့် ကျောင်းဆရာမကြီးတယောက် ဟာ အကျင့်ပျက်ခဲ့သူတိုင်းကို ကျောင်းထုတ်ပစ်လို့မအောင်မြင်နိုင်သလို၊ အားလုံးကို ကြိမ်လုံးနဲ့ တွေ့ကရာ လိုက်ရမ်းပြီးရိုက်နေလို့လည်း မထိရောက်နိုင်ပါဘူး။ အဲ့ဒီလိုလုပ်တာကလည်း အစွန်းတပါးကို ကျူးလွန်တာဖြစ်ပါတယ်။

ထိုနည်းအတူဘဲ အသိတရားနည်းပြီး မီးနဲ့ဆော့နေတဲ့ ကျောင်းသားဆိုးကလေးတယောက်ကို ပြတ်ပြတ်သားသားတားမြစ်ထိုက်တာကိုမတားမြစ်ဘူး၊ အလွန်နူးညံ့ပျော့ပြောင်းစွာ ချော့မော့ လိုက်လျောလွန်းရင်လည်း နောက်ထပ်အစွန်းတပါးနင်းသလိုဖြစ်တတ်ပါတယ်။

ဒီနေရာမှာ မျက်စိမလည်ဘို့က အစွန်းနှစ်ပါးရဲ့အလယ်မှာရှိတဲ့ လမ်းစဉ်က မဇ္ဈိမပဋိပဒါ မဟုတ်ပါဘူး။ အစွန်းနှစ်ပါးမှ လွတ်မြောက်ပြီး သီးခြားဖြစ်တည်နေတဲ့ လမ်းစဉ်ကသာ မဇ္ဈိမပဋိပဒါ- အလယ်အလတ် လမ်းစဉ် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ချီတက်နေတဲ့ အဆင့်မြင့်နိုင်ငံရေးခရီးစဉ်ဟာ အထက်မှာ ဖော်ပြခဲ့တဲ့ အစွန်းတရားတွေကို လွတ်နိုင်သမျှလွတ်အောင်ရှောင်ပြီး အကျင့်ပျက်ဗျူရိုကရက်ဆိုး တွေသာမက အကျင့်ပျက်စီးပွားရေးသမားတွေ၊ အကျင့်ပျက်နိုင်ငံသားအားလုံးကို စာရိတ္တသီလ၊ ၀ါရိတ္တသီလတွေ ပြန်လာထူထောင်နိုင်ဖို့၊ ဟီရိသြတ္တပဆိုတဲ့ အရှက်တရားအကြောက်တရားကို တန်ဘိုးထားတတ်တဲ့ ၀န်းကျင်ကို ဖန်တီးနိုင်ဖို့မလျှော့မတင်းစောင်းကြိုးညှင်းသလို ဗြဟ္မစိုရ်တရား လေးပါး၊ မင်းကျင့်တရား ၁၀ ပါးစတဲ့ အကျင့်ကောင်းတွေဦးစီးလို့ ရှိအပ်တဲ့ဥပဒေကောင်းတွေ ပြဌာန်းလို့ မိဘနဲ့တူသောအစိုးရလို ငြိမ်းချမ်းရေးရအောင် စစ်မှန်စွာပြောင်းလဲပေးနေတာကို နှလုံးသားအသိနဲ့နားလည်နိုင်ဖို့လိုသလို အပြောင်းအလဲကို ရိုးရိုးသားသား မှန်မှန်ကန်ကန်နဲ့ လိုက်ပါကြဖို့လိုတယ်။

ကျနော်တို့ နိုင်ငံသားအားလုံးရဲ့ စိတ်သဏ္ဍန်မှာ ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ဖို့နဲ့ ၂၁ ရာစု ပင်လုံညီလာခံကြီး အောင်မြင်စွာ ဆွေးနွေးညှိနိုင်းအဖြေရှာပြီး ပြည်တွင်းစစ်ကို အပြီးတိုင်ရပ်စဲဖို့ တာဝန်ဟာ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ အလုပ်လို့မှတ်ယူထားခြင်းကို ဖျောက်ဖျက်ပြောင်းလဲပစ်ဖို့လိုပါတယ်။ နိုင်ငံရေးကိစ္စရပ်တွေဟာ ကိုယ်နဲ့မဆိုင်ဘူးလို့မှားယွင်းစွာ ခံယူခဲ့ကြလို့ စစ်အာဏာရှင်တွေ အနိုင်ကျင့်ဗိုလ်ကျမှုကို တနိုင်ငံလုံး ခါးဆီးခံစားခဲ့ကြရတာပါ။

ဘာကြောင့်လို့လည်းဆိုတော့ …
– ငြိမ်းချမ်းရေးမရရင် တရားဥပဒေမစိုးမိုးနိုင်ပါဘူး။
– ငြိမ်းချမ်းရေးမရရင် ဘယ်သူ့ဘ၀တွေမှ မလုံခြုံနိုင်ပါဘူး။
– ငြိမ်းချမ်းရေးမရရင် စီးပွားရေးလုပ်လို့မရနိုင်ပါဘူး။
– ငြိမ်းချမ်းရေးမရရင် ဖွံ့ ဖြိုးတိုးတက်ရေးဆောင်ရွက်လို့မရနိုင်ပါဘူး။
– ငြိမ်းချမ်းရေးမရရင် ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်လို့မရနိုင်ပါဘူး။
– ငြိမ်းချမ်းရေးမရရင် စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို မတည်ဆောက်နိုင်ပါဘူး။
– ငြိမ်းချမ်းရေးမရရင် ဒို့ တာဝန်အရေးသုံးပါးကို မထမ်းဆောင်နိုင်ပါဘူး။
– ငြိမ်းချမ်းရေးမရရင် ဆင်းရဲတွင်းထဲက မတက်နိုင်ပါဘူး။
– ငြိမ်းချမ်းရေးမရရင် ပညာကောင်းစွာ မသင်ကြားနိုင်ပါဘူး။
– ငြိမ်းချမ်းရေးမရရင် ကျန်းမာရေးကို ကောင်းစွာမစောင့်ရှောက်နိုင်ပါဘူး၊
– ငြိမ်းချမ်းရေးမရရင် ဘယ်သူ့ရဲ့ အမျိုးဘာသာသာသနာကိုမှ မစောင့်ရှောက်နိုင်ပါဘူး။
– ငြိမ်းချမ်းရေးမရရင် နိုင်ငံကိုကမ္ဘာ့ အလယ်မှာ ထယ်ဝါအောင်မစွမ်းဆောင်နိုင်ပါဘူး။

ဒါကြောင့် ၂၁ ရာစု ပင်လုံညီလာခံကြီးဟာ တောင်ပေါ်မြေပြန့်မကျန် တောကြိုအုံကြားကနေ နန်းတော်ဘုံဖျားဖျ အယုတ်အလတ်အမြတ်မရွေး ဗျတ်ထိုးဗျံကျ ပန်းရံသမကနေ ထူးတေဇ အထိ စစ်သားလေးပေါက်စ အောက်ခြေနင်းပြားဘ၀ကနေ တပ်ချုပ် ကာချုပ်ထိ၊ တဲပုတ်မှာနေတဲ့သူ ဖြစ်ဖြစ်၊ နန်းစမုဒ်လိုကြီးကျယ်ခမ်းနားစွာနေနိုင်သူဘဲဖြစ်ဖြစ် အာဏာပိုင်ဘဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံသားမှန်ရင် သက်ဆိုင်တယ်။ အားလုံးရဲ့ ပစ္စုပ္ပန်ဘ၀တင်မက အနာဂါတ်ဘ၀တွေ နောက်မျိုးဆက်သစ်တွေထိအောင် သက်ဆိုင်နေပါတယ်။

ငြိမ်းချမ်းရေးရဖို့ ၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်တည်ဆောက်နိုင်ဖို့၊ တရားဥပဒေစိုးမိုးဖို့ဆိုတာ (၂၀၀၈) ဖွဲ့စည်းပုံကို ပြင်ဆင်မှသာ အောင်မြင်နိုင်တယ်ဆိုတာ တိုင်းပြည်ကိုစေတနာရှိတဲ့ လူတိုင်းသိလာ မြင်လာကြပါပြီ။ ဒါ့ကြောင့် ငြိမ်းချမ်းရေးရကြောင်း အထောက်အကူဖြစ်စေမဲ့၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အထောက်အကူဖြစ်စေမဲ့ ၂၁ ရာစု ပင်လုံညီလာခံကြီး အောင်မြင်စွာ ကျင်းပပြီး ခိုင်မာတဲ့ ဘုံသဘောတူညီချက်တွေနဲ့ စစ်မှန်တဲ့ညီညွတ်မှုကို တည်ဆောက်နိုင်ဖို့ မြန်မာနိုင်ငံသားတိုင်း မိမိအတ္တစွဲ၊ ပါတီစွဲ၊ အယူဝါဒစွဲ၊ အဖွဲ့အစည်းစွဲတွေကို ခဏဘေးချိတ်လို့ မိမိစွမ်းသလောက် ကျရာနေရာကနေ နိုင်ရာဝန်ထမ်းလို့ ဝိုင်းဝန်းတည့်မတ်ထိန်းကျောင်းပေးခြင်း၊ ကူညီဖြည့်ဆီးပေးခြင်းဟာ ကျွန်တော်တို့ခေတ်ရဲ့ အရေးအကြီးဆုံး သမိုင်းပေးတာဝန်ကို ထမ်းရွက်ခြင်းမည်ပါလိမ့်မယ်။

ငြိမ်းချမ်းရေးသမိုင်းကမ္ဗည်းထွင်းရစ်မဲ့ ၂၁ ရာစု ပင်လုံညီလာခံကြီးအား လှိုက်လဲစွာကြိုဆိုလျှက် –

မင်းကောင်းချစ်
ဇူလိုင်လ ၂၇ ရက်နေ့  ၂၀၁၆ ခုနှစ်

(ဒီဗွီဘီဝက်ဘ်ဆိုဒ်တွင် ဖော်ပြပြီး မင်းကောင်းချစ် ဆောင်းပါးကို ပြန်လည် ဖော်ပြပါသည်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013