DVB Logo
Home
Lead Story
ငြိမ်းချမ်းရေးမှာ အချိန်ကန့်သတ်ချက်ရှိတယ်
DVB
·
August 29, 2016
ငြိမ်းချမ်းရေးမှာ အချိန်ကန့်သတ်ချက်ရှိတယ်
Donate to DVB

ဒေါ်စု ပြောတဲ့ အသက်စကား

တလောက ဒေသတွင်း စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့တခုက ဒေါ်အောင်ဆန်းစုကြည် တာဝန်တွေများလွန်းတယ်လို့ ဝေဖန်လိုက်တော့ အင်န်အယ်လ်ဒီ ထိပ်တန်းပုဂ္ဂိုလ်တယောက်က ဒေါ်စုက ဒီအလုပ်တွေလုပ်ချင်လို့ နှစ်ပေါင်းများစွာ လှုပ်ရှားရုန်းကန်ခဲ့တာ၊ အခု သူလုပ်ချင်တဲ့ အလုပ်တွေလုပ်နေရလို့ ပျော်တောင်ပျော်နေတယ်ဆိုတဲ့ သဘောမျိုး တုံ့ပြန်ခဲ့တယ်။ သတင်းဓာတ်ပုံတွေထဲ ကြည့်ရမြင်ရတာလည်း ဒေါ်စုကြည့်ရတာ ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွပါပဲ။ သူလှမ်းလိုက်တဲ့ ခြေလှမ်းတွေ ကြည့်လိုက်တာနဲ့တင် ဘယ်လောက် ကျန်းမာရေး ကောင်းတယ်ဆိုတာ ရိပ်စားမိနိုင်လောက်ပါတယ်။ အသက် ၇၀ ဆိုတာကိုကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည် လုပ်နိုင်ပါ့မလား တွေးဆကြည့်နေကြတာ ဖြစ်မယ်။ တလောက ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူအင်န်အက်ဖ်စီ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ပေါင်းစု ခေါင်းဆောင်တွေ တွေ့ကြတော့ ဒေါ်စုက အသက်တွေမေးတယ်။ ပြီးတော့ အသက်နဲ့ ဆက်စပ်ပြီး စဉ်းစားဖို့ကောင်းတဲ့ စကားတခွန်း သူပြောခဲ့တယ်။

“ကျွန်မတို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ တူညီချက်တခုရှိတယ်၊ ကျွန်မတို့ ဘယ်လိုမှ အမြဲနေသွားလို့ မရဘူး၊ ကျွန်မတို့ သက်တမ်းဆုံးတဲ့အခါမှာ ကျွန်မတို့ ဒီလောကကနေ ထွက်သွားရမှာပဲ၊ ကျွန်မတို့ ဒီလောကကနေ မထွက်သွားခင်မှာ အားလုံးစုပေါင်းပြီးတော့ နိုင်ငံ့ တိုးတက်မှု လုပ်သွားချင်တယ်၊ အဲဒါ ကျွန်မစိတ်ထဲ ရောက်လာတယ်၊ ကျွန်မတို့ ဒီမှာရှိတဲ့အားလုံး လူငယ်တွေအပါအ၀င်ပေါ့၊ ပြောလို့ရတာ မဟုတ်ဘူး၊ လူငယ်၊ လူကြီး ဘယ်သူဟာ ဤလောကကြီးကနေ အရင်ထွက်သွားမလဲဆိုတာ တန့တချိန်တခါမှာ ကျွန်မတို့ ထွက်သွားရမှာပဲ၊ ဘယ်သူမှ ငြင်းလို့မရဘူး။ ကျွန်မတို့ အားလုံး တခြားကိစ္စတွေ NCA နဲ့ ဘယ်လောက်ပဲ ငြင်းခုံခုံ၊ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ဘယ်လောက်ပဲငြင်းခုံခုံ တူညီတဲ့ ကိစ္စတစ်ခုကတော့ ကျွန်မတို့ တချိန်ချိန်မှာ ဤလောကကနေ ထွက်သွားရမှာပဲ၊ မထွက်သွားခင်မှာ ကျွန်မ ညီညွတ်မှုကို လိုချင်တယ်၊ ကျွန်မတို့ အစဉ်အဆက် ကျွန်မတို့ခေါင်းဆောင်တွေ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ မျှော်မှန်းခဲ့တဲ့ ညီညွတ်မှုကို ရယူပြီးတော့ ထားပစ်ခဲ့ချင်တယ် ဆိုတဲ့စိတ် ကျွန်မပေါ်ပေါက်ခဲ့ပါတယ်”

သြဂုတ် ၃၁ မှာ ၂၁ ပင်လုံ ညီလာခံ စမယ်

အင်မတန် စဉ်းစားသုံးသပ်ဆင်ခြင်ဖို့ ကောင်းတဲ့ စကားတခွန်း ပြောခဲ့တာဖြစ်ပြီး အဲဒီနေ့က သူ့မေးမြန်းချက်အရ ရှမ်းတော်လှန်ရေး ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဆေထင်တယောက်ပဲ အသက် ၈၀ မို့ ဒေါ်စုထက် ကြီးတယ်။ ကျန်တဲ့သူတွေ အားလုံးဒေါ်စုထက်ငယ်တယ်။ ဒေါ်စုရဲ့ ဒီပြောစကားကို ကိုးကားပြီး သမ္မတရုံးပြောခွင့်ရသူက အလားတူစကားတခွန်း မီဒီယာကို ပြောခဲ့တယ်။ သူကတော့ ဒီလိုခေါင်းဆောင်မျိုး လက်ထက်မှာမှ ငြိမ်းချမ်းရေးရအောင် မဆွေးနွေးနိုင်ကြဘူး ဆိုရင်တော့ အများကြီးစဉ်းစားစရာ ဖြစ်လိမ့်မယ်လို့ ထပ်ဆောင်း ပြောခဲ့တာပါ။ ဒီစကားတွေ ဘာလို့ပြောနေတာတုန်း ဆိုရင်တော့ သြဂုတ်လ ၃၁ ရက်မှာ ၂၁ ရာစု ပင်လုံညီလာခံ စတင်ပြုလုပ်တော့မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ထုတ်ပြောခဲ့ပြီဖြစ်လို့ ဖြစ်တယ်။ ဒီရက်ပိုင်းမှာပဲ ညီလာခံဆီသွားမယ့် နိုင်ငံရေးမူဘောင်တွေကိစ္စ စတင် ဆွေးနွေးကြတော့မယ်။ အစိုးရဘက်ကတော့ ရှိရှိသမျှ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အားလုးံနဲ့ လိုက်တွေ့နေပြီး ၂၁ ရာစု ပင်လုံညီလာခံတက်ကြဖို့ လိုက်လံနှိုးဆော် ဖိတ်ကြားနေ တယ်။

ဒီကြားထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ပြီး ကချင်နဲ့ရှမ်းမြောက်မှာ တိုက်ပွဲတွေရပ်တန့်ဖို့ကိစ္စ အပါအ၀င် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးကြတဲ့သတင်း ထွက်ပေါ်လာတယ်။ အဲဒီ ဒေသတွေဘက်မှာ တပ်မတော်ဘက်က ထိုးစစ်ဆင်နေတာတွေ ရပ်တန့်ပေးဖို့ ဒေါ်စုနဲ့တွေ့တုန်းက တိုင်းရင်းသား တပ်ဖွဲ့တို့ဘက်က တောင်းဆိုခဲ့တာဖြစ်ပြီး ဒီတောင်းဆိုချက်နဲ့ ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒေါ်စုဆွေးနွေးကြတာဖြစ်တယ်။ ဘယ်လောက်အထိ သဘောတူညီချက် ရသလဲဆိုတာ မသိရပေမယ့် အဲဒီရက်ပိုင်းမှာပဲ ကချင်ပြည်နယ်၊ ကာမိုင်းဘက်မှာ တပ်နဲ့ကချင်တပ် ကေအိုင်အေတို့ တိုက်ပွဲဖြစ်လို့ ရွှေမှော်ထဲက အလုပ်သမားတွေ အမြောက်အမြား ထွက်ပြေးခဲ့ကြရ တယ်။ ဦးသိန်းစိန် လက်ထက်တုန်းကလည်း အလားတူပဲ၊ တဖက်မှာ ငြိမ်းချမ်းရေးဆွေးနွေး နေတုန်း တဖက်မှာ တိုက်ပွဲတွေ ကြိုးကြားဖြစ်တယ်။ အစဉ်အလာတခုလို ဖြစ်နေတာတွေ ပြန်သုံးသပ် ဆင်ခြင်ကြဖို့ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်။ အပြန်အလှန်စွပ်စွဲပြီး ပြစ်တင် ပြောဆိုနေရုံနဲ့တော့ ဘာအဖြေမှထွက်မှာ မဟုတ်ဘူး။

ငြိမ်းချမ်းရေးမှာ အချိန်ကန့်သတ်ချက် ရှိတယ်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကတော့ သူ့အချိန်ကန့်သတ်ချက်နဲ့သူ ငြိမ်းချမ်းရေး လမ်းဆက် လျှောက်ဖို့ ပြင်ဆင်နေပြီဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့တုန်းကလည်း ငြိမ်းချမ်းရေးမှာ အချိန်ကန့်သတ်ချက်ရှိတယ်လို့ မြောက်အိုင်ယာလန်ကို ကိုးကားပြီး အခုလို ပြောခဲ့တယ်။

“ဥပမာဆိုရင် အထူးသဖြင့် မြောက်အိုင်ယာလန်နဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင်လုပ်ခဲ့တဲ့ Jonathan Powell တို့ ဆိုရင် သိဖူးကြမှာပါ၊ သူပြောခဲ့တာက သူတို့ပထမပိုင်းမှာ ဘာမှားသွားလဲ ဆိုတာက အကန့်အသတ်မရှိ အချိန်ကို ထားလိုက်တဲ့အခါကျတော့ အလုပ်မဖြစ်ဘူးတဲ့၊ သူတို့ အရင်တုန်းက ထင်ခဲ့တာက အရင်တုန်းက အကန့်အသတ်မရှိ ပြောချင်တာပြော၊ ဆွေးနွေးချင်တာ ဆွေးနွေးဆိုလို့ရှိရင် ပြဿနာတွေ ပြေလည်သွားမယ်လို့ ထင်ပေမယ့် မဟုတ်ဘူးတဲ့။ ပြဿနာတွေ မဆုံးနိုင်ဘူးပဲ ဖြစ်သွားတယ်”

တိုင်းရင်းသားတို့ဘက်ကလည်း အချိန်ယူရမယ်လို့ မကြာခဏပြောဆိုသံ ကြားရတတ်ပြီး ပြီးခဲ့တဲ့ မိုင်ဂျာယန် ညီလာခံမှာလည်း ၂၁ ရာစု ပင်လုံညီလာခံကို စက်တင်ဘာလထဲ ရွှေ့ပေးဖို့ အစိုးရကို တောင်းဆိုမယ်ဆိုတဲ့ အသံထွက်ခဲ့သေးတယ်။ တကယ်တမ်းကျ မိုင်ဂျာယန်ညီလာခံမှာ အင်န်စီအေအပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးမထိုးဆိုတဲ့ အဖြေလည်းမထွက်၊ ၂၁ ရာစု ပင်လုံ တက်မတက်ဆိုတဲ့ အဖြေလည်းမထွက်ဘဲ ရလဒ်ကောင်း တစုံတရာာမရရှိဘဲ ပြီးခဲ့တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကို ကမန်းကတမ်း လုပ်နေသလား

သျှမ်းသံတော်ဆင့် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတဲ့ ယူအင်န်အက်ဖ်စီ ခေါင်းဆောင် တွေနဲ့ တွေ့တုန်းက ဒေါ်စုပြောခဲ့တဲ့စကားတွေ ရှာဖွေဖတ်ကြည့်ကြစေချင်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ငြိမ်းချမ်းရေးအတွက် ကမန်းကတမ်း လုပ်နေတာလား၊ အချိန်ကျလို့ တွန်းလုပ်နေတာလားဆိုတာ သူ့စကားထဲ ငြိမ်းချမ်းရေးရဖို့ အချိန်တန် အချိန်ကျနေပါပြီ။ ဒေါ်စု ပြောခဲ့တဲ့ စကားတခွန်း ကြည့်ကြည့်လိုက်ရင် သူ့မှာ အစီအစဉ် ရှိပြီးသားဖြစ်တာ တွေ့နိုင်ပါတယ်။

“ကျွန်မတို့က တတ်နိုင်သမျှ အောလ်အင်ကလူးစစ် ဖြစ်အောင်လို့ ဘယ်လိုပုံစံနဲ့ လက်မှတ်မထိုးတဲ့သူတွေ ပါဝင်ပြီးတော့ ကျွန်မတို့ ညီလာခံ ဖြစ်မြောက်ရေးအတွက် လုပ်နိုင်မလဲ ဆိုပြီးတော့ ကျွန်မတို့ အဲဒါကိုလည်း စဉ်းစားထားပြီးသားပါ။

“အကောင်းဆုံးကတော့ လက်မှတ်ထိုးပြီး ၀င်လာရင် ကောင်းတာပေါ့။ အဲတော့ လက်မှတ် ထိုးနိုင်အောင်လို့ ဒီအင်န်စီအေအပေါ်မှာ ပတ်သက်ပြီးတော့ ဘယ်လို အလျှော့အတင်း လုပ်မလဲ၊ ဘယ်လို အဓိပ္ပာယ်ဖော်မလဲဆိုတာကို ကျွန်မက ဦးတည်စေချင်တယ်၊ လက်မှတ်မထိုးဘဲနဲ့ တက်ရအောင် လုပ်ပေးဆိုရင် ဒါကတော့ မတရားဘူး၊ လက်မှတ်ထိုးတဲ့ လူတွေကပြောမှာပါ၊ ကျွန်တော်တို့ကျတော့ လက်မှတ်ထိုးရတယ်၊ သူတို့က လက်မှတ်မထိုးရဘူးဆိုရင် ကျွန်မက ဘယ်လို ဖြေရမလဲ။”

အားလုံးပဲ တွေးဆ ဆင်ခြင်ကြည့်ကြပါ။

ကိုရွှေအောင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013