DVB Logo
Home
မေးမြန်းခန်း
ဂျပန်အကူအညီ မြန်မာအစိုးရနှင့် ထိုက်တန်ပြီလား (ဆက်သွယ်မေးမြန်းချက်)
DVB
·
October 17, 2011
ဂျပန်အကူအညီ မြန်မာအစိုးရနှင့် ထိုက်တန်ပြီလား (ဆက်သွယ်မေးမြန်းချက်)
Donate to DVB

မြန်မာအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဂျပန်အစိုးရက မြန်မာနိုင်ငံကို စီးပွားရေးဆိုင်ရာ အကူအညီတွေကို မပေးဘဲ ဆယ်စုနှစ်တခုနီးပါး ရပ်ဆိုင်းထားရာက မကြာခင်မှာ ပြန်ပေးဖို့ စဉ်းစားနေပါပြီ။

လာမယ့် ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဂျပန်ကို သွားရောက်ပြီးရင် ၂၀၀၃ ခု ဒီပဲယင်းအရေးအခင်း ပြီးကတည်းက ရပ်ဆိုင်းထားတဲ့ အကူအညီတချို့ကို ဂျပန်က ပြန်ပေးဖို့ ရှိနေပါတယ်။

တချိန်တည်းမှာပဲ မြန်မာပြည်မှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ လုပ်လာတဲ့အထိ ဆက်လက်ဖိအားပေးဖို့ ဂျပန်အစိုးရကို မြန်မာ့အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်း တွေကလည်း တိုက်တွန်းနေကြပါတယ်။ ဂျပန်က အကူအညီပြန်ပေး မယ့်အထဲမှာ ကယားပြည်နယ် အမှတ် ၂ ဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းလည်း ပါဝင်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ Burma Office Japan တာဝန်ခံ ဒေါက်တာမင်းညိုကို ဆက်သွယ်မေးမြန်းထားပါတယ်။

“ဘီလူးချောင်းကိစ္စကတော့ ပြန်ပေးရင်တော့ ပေးနိုင်တယ်။ စီးပွားရေး အကူအညီတော့ လတ်တလောတော့ မပေးနိုင်သေးဘူးလို့ပဲ ထင်တာပဲလေ။ လွန်ခဲ့တဲ့ တလလောက်ကပဲ နိုင်ငံခြားရေးရုံးက အဲလိုမျိုး ပြောထားတာ။”

ဂျပန်အစိုးရက ဘီလူးချောင်းကိစ္စကို ရပ်ခဲ့တာ လွန်ခဲ့တဲ့ ၂၀၀၃ လောက်ကလို့ ထင်တယ်။

“ဒီပဲယင်းအရေးအခင်း ပေါ်ပြီးနောက်မှာ ရပ်ပစ်လိုက်တာပါ။ စီးပွားရေးမှာလည်း အဲဒီနောက်ပိုင်းမှာ ရပ်လိုက်တာပါ။ ၂၀၀၃ နောက်ပိုင်းမှာ ရပ်လိုက်တာပါ။”

အခုက ဖွံ့ဖြိုးရေးအကူအညီလောက်ပဲ ပေးနေတဲ့သဘောပေါ့။

“ဟုတ်ပါတယ်။ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီပေါ့။”

အစိုးရပိုင်းနဲ့ ဆရာတို့ တွေ့ဖို့ရှိသလား။

“ဗုဒ္ဓဟူးနေ့မှာ ဂျပန်မှာရှိတဲ့ ဗမာအဖွဲ့အစည်းတွေရဲ့ အသံတွေ၊ ဥပမာ Amnesty (လူ့အခွင့်အရေး) အဖွဲ့တွေရယ်၊ (HRW) လူ့အခွင့်အရေး လေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေရယ် အပါအ၀င် ကျနော်တို့ မြန်မာ့ရေးရာရုံးတွေ အပါအ၀င် ဂျပန်အလုပ်သမားသမဂ္ဂ အပါအ၀င် အခု ကြေညာချက်ထုတ်ဖို့ စိုင်းပြင်းနေတယ်။ ဘယ်လိုအနေအထားမျိုးရောက်မှ ပေးသင့်တယ်ဆိုတာကို ထောက်ပြဖို့ ဒီနေ့ပဲ အစည်းအဝေး ဆုံးဖြတ်ချက်ကျတယ်။ ပြုစုနေကြပါတယ်။”

အဲဒါလေး နည်းနည်းပြောပြပါလား၊ ဘယ်လိုဆက်လုပ်သွားမလဲဆိုတာ။

“ဗုဒ္ဓဟူးနေ့လောက်မှာ နိုင်ငံခြားရေး ၀န်ကြီးမလာခင်မှာ ဂျပန်သံရုံးကို လူချင်းတွေ့ဖို့ ကြိုးစားနေတယ်။ အဲလိုမျိုး အချိန်မရဘူးဆိုရင် ဖက်စ်နဲ့ လှမ်းပို့မယ်။ ပို့ပြီးတော့ ဗမာနိုင်ငံရေးကို ထောက်ခံတဲ့ အမတ်သမဂ္ဂနဲ့ ဆက်သွယ်ပြီး နိုင်ငံခြားရေးရုံးကို တိုက်ရိုက်သွားပြောတာတို့၊ နောက်တခါ ဗမာနိုင်ငံခြားရေး လာပြီးတော့ ဗမာပြည်နဲ့ပတ်သက်ပြီးတော့ ဂျပန်အစိုးရက အကူအညီဆက်ပြီးတော့ ပေးတယ်ဆိုတာ ထပ်လာရင် နောက်အပတ်ထဲမှာ တနင်္လာနေ့မှာ အစည်းအဝေးထိုင်ပြီးတော့ ဘာထပ်လုပ်မယ်ဆိုတာ ထပ်စဉ်းစားဆုံးဖြတ်ဖို့ ရှိပါတယ်။”

ဒီနေ့အစည်းအဝေး ဆုံးဖြတ်ချက်ချတာ ဘယ်သူတွေ ပါလဲ။ ဘယ်နှဖွဲ့ ပါလဲ။ ဘာတွေပါလဲ။

“လောလောဆယ် ဂျပန်အလုပ်သမား သမဂ္ဂပါတယ်။ ဂျပန်နဲ့ ဗမာတွေပါတဲ့ People forum on Burma (PFB) အဖွဲ့ပါတယ်။ အတိုက်အခံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ပါတယ်။ ဗမာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (FTUB) လည်း ပါတယ်။ ဂျပန်မှာရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းက ခေါင်းဆောင်တွေလည်းပါတယ်။ တော်တော်များများပါတယ်။”

ဘယ်လိုအချက်တွေ အဓိက တောင်းဆိုဖို့ ရှိသလဲ။

“တောင်းဆိုဖို့အချက်တွေကတော့ ရှိသမျှ အကျဉ်းသားတွေကို လွှတ်ပေးဖို့ရယ်၊ တနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ချက်ချင်းရပ်ပေးပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမြန်ဆုံး တည်ဆောက်ပြီးတော့ ဆိုလိုချင်တာကတော့ ခုနကတောင်းဆိုထားတဲ့အတိုင်းပဲ တိုင်းရင်းသားခေါင်းဆောင်တွေလည်း ဗမာပြည်ရဲ့ နိုင်ငံရေးမှာ အားလုံးပါဝင်ခွင့်ပေးဖို့ လိုတယ်ဆိုတဲ့ အချက်တွေပေါ် မူတည်ပြီးတော့ တောင်းဆိုဖို့ရှိတယ်။”

ဂျပန်မှာလည်း ခဏခဏ အစိုးရ ပြောင်းလဲမှုတွေ ရှိတာမျိုး မြန်တယ်။ ဂျပန်အစိုးရက မြန်မာအစိုးရနဲ့ ပတ်သက်တဲ့ ပေါ်လစီက သူတို့မှာ ခိုင်ခိုင်မာမာ ဘယ်လိုမျိုး ချထားတာ ရှိပါသလဲ။

“အဲဒါတော့ ဂျပန်ပြည်မှာတော့ သိတဲ့အတိုင်းပဲ၊ အစိုးရအပြောင်းအလဲ များတဲ့အတွက် ပြောရင်တော့ နိုင်ငံခြားရေးဌာနက ၀န်ထမ်းတွေ ကိုင်တာများတယ်။ သူတို့ပေါ်လစီက ခုနပြောသလို ဗမာပြည်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွတ်မြောက်ရေး အပါအ၀င် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တွေပါ နိုင်ငံရေးမှာ ပါဝင်ခွင့် ရရှိရေးတို့ အဲဒါကို အဓိကထားတယ်။ အဲဒါတွေ ပြည့်စုံတယ် ဆိုရင်တော့ ဂျပန်အစိုးရပေါ်လစီက အကူအညီဆက်ပေးလိမ့်မယ်လို့ ထင်တယ်လေ။ အဲဒီလိုမှ မရောက်သေးဘဲနဲ့ အကူအညီ ပေးတယ်ဆိုရင်တော့ ချက်ချင်း မပေးသင့်ဘူး ဆိုပြီးတော့ တောင်းဆိုတဲ့ အဖွဲ့အစည်းတွေလည်း အများကြီး ပေါ်လာမယ်လေ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013