DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် ပုဂံဘုရား ၃၉၀ ခန့် ပျက်စီး
DVB
·
August 26, 2016
ငလျင်ကြောင့် ပုဂံဘုရား ၃၉၀ ခန့် ပျက်စီး
Donate to DVB

ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ပုဂံက ဘုရားစေတီပုထိုးပေါင်း ၃၉၀ လောက်ရှိနေပြီး ဒီ့ထက် များစရာအကြောင်းရှိတယ်လို့ ရှေးဟောင်းသုသေသနဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောပါတယ်။

ငလျင်လှုပ်ပြီးနောက်တနေ့မှာ ငလျင်ကြောင့် ပုဂံစေတီပုထိုးပေါင်း ၁၈၀ ကျော်ပဲ ပျက်စီးပြိုကျခဲ့တယ်လို့ အစိုးရက သတင်းထုတ်ခဲ့ပြီး အခု ပျက်စီးစာရင်း တိုးလာတာ ဖြစ်ပါတယ်။
ပုဂံဒေသအတွင်း အဖွဲ့ ၁၁ ဖွဲ့ ခွဲပြီး ပျက်စီးစာရင်းကောက်ယူခဲ့ရာမှာ အဲ့ဒီစာရင်းရရှိခဲ့တာလို့ ဦးသိန်းလွင်က ပြောပါတယ်။

“ဒီနေ့စာရင်းအရဆိုရင် တို့ထိတို့ထိ ပျက်တာလေးတွေ ကွန်းဋောင်လေးတွေပြုတ်သွားတာ ဘာညာ ပေါ့နော်၊ ဘုရားလေးတွေပါ ကျနော်တို့လိုက်ပြီး အဖွဲ့ခွဲကောက်လိုက်တော့ ၃၀၀ ကျော် ဖြစ်နေပြီ၊ ၃၉၀ လောက် ဖြစ်နေပြီ၊ ၃၉၀ ဆိုတာက နည်းနည်းလေး ပြုတ်ပြတ်ကျသွားတာ၊ ထီးတော်လေးတွေ စောင်းသွားတာ၊ ဒါတွေကအစ ကျနော်တို့က ပျက်စီးမှုကို အသေးစိတ်ကောက်ယူရတာကိုး။”

ပုဂံမှာ စေတီပုထိုးပေါင်း ၃၀၀၀ ကျော်ရှိတာမို့ ဒီ့ထက် ပိုများလာစရာအကြောင်း ရှိသေးတယ်လို့လည်း သူက ပြောပါတယ်။

ဝက်ကြီးအင်း၊ ဂူပြောက်ကြီး၊ ထီးလိုမင်းလို၊ စူဠာမဏိ၊ ပြသာဒ်ကြီး၊ စေတနာကြီး၊ ဓမ္မရံကြီးစတဲ့ ဘုရားစေတီကြီးတွေကို ပြန်လည်ပြင်ဆင်မှုမှာ နှစ်နဲ့ချီပြီး အချိန်ယူ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သြဂုတ် ၂၄ ရက် ငလျင်အတွင်း ပျက်စီးပြိုကျခဲ့တဲ့ စေတီအစိတ်အပိုင်းတွေဟာ ၁၉၉၀ ပြည့်နှစ်က ပြင်ဆင်မွမ်းမံထားတဲ့အပိုင်းတွေ ပြိုကျပျက်စီးတာများတယ်လို့လည်း ရှေးဟောင်းသုတေသနဌာနက ပြောပါတယ်။

ခုတကြိမ် ပုဂံဘုရားတွေ ပြင်ဆင်တဲ့အခါ အသစ်တည်ဆောက်တာမျိုး မလုပ်တော့ဘူးလို့လည်း ရှေးဟောင်းသုတေသနဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောပါတယ်။

“ပြန်ပြင်တယ်ဆိုရာမှာ ကျနော်တို့က ပျက်တဲ့အနေအထားပဲ ထားပြီးတော့ ပြင်မယ့်သဘောပဲ ရှိပါတယ်၊ အသစ် ပြန်လုပ်တာမျိုး မလုပ်တော့ပါဘူး။ ဟိုးတုန်းကလို အသစ် ပြန်ဆောက်တာမျိုး မလုပ်တော့ပါဘူး။ လုပ်လို့ရှိရင် အသစ်ပြန်ဖြစ်သွားပြီး ကမ္ဘာ့အမွေအနှစ် ၀င်တဲ့အခါ အခက်အခဲ ဖြစ်မှာလေ။”

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်ကာလ ၁၉၇၅ ခုနှစ်ကလည်း ပုဂံမှာ ငလျင်ဘေးကျရောက်ခဲ့ဖူးပြီး အဲ့ဒီတုန်းက ဘုရားပုထိုးစေတီ ထောင်နဲ့ချီ ပြိုကျပျက်စီးခဲ့ပါတယ်။

အခု ၂၀၁၆ ခုနှစ်၊ မကွေးတိုင်း၊ ချောက်မြို့အနီး ဗဟိုပြုလှုပ်ခဲ့တဲ့ ၆.၈ ရစ်ခ်ျစတာစကေးပြင်းအားရှိ ပြင်းအားကြီး ငလျင်ကြောင့် စေတီပုထိုး ရာနဲ့ချီ ပျက်စီးခဲ့တာဖြစ်လို့ အရင်တကြိမ်လောက် ဆိုးဝါးခြင်း မရှိပါဘူး။

သမ္မတဦးထင်ကျော်ဟာ သြဂုတ် ၂၅ ရက်က ပုဂံရောက်ခဲ့ပြီး ပုဂံ-ညောင်ဦး ဒေသရှိ ပျက်စီးသွားတဲ့ ရှေးဟောင်း စေတီပုထိုးတွေကို ပြည်ပပညာရှင်တွေ အကူအညီနဲ့ အချိန်ယူပြီး ရှေးမူမပျက် စနစ်တကျ ပြန်လည်ပြုပြင်သွားမယ်၊ လိုအပ်တဲ့ ကူညီ ထောက်ပံ့မှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမယ်လို့ ပြောသွားခဲ့ပါတယ်။

ငလျင်ဒဏ်ခံလိုက်ရတဲ့ ပုဂံဒေသရှိ စေတီဘုရား တွေထဲက အန္တရာယ်များတဲ့ ဘုရား ၃၃ ဆူကို အ၀င်အထွက်ယာ ယီပိတ်ထားတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်ကတော့ ပြည်တွင်း၊ ပြည်ပက ဘုရားဖူးခရီးသည်တွေကို ပျက်စီးမှုမရှိတဲ့ နေရာတွေမှာ  လွတ်လပ်စွာ လေ့လာခွင့်ပြုဖို့၊ ပျက်စီးတဲ့နေရာတွေမှာ အနီးစပ်ဆုံး ၀င်ရောက်နိုင်တဲ့နေရာအထိ ၀င်ရောက် ဖူးမြော်လေ့လာ မှတ်တမ်း ယူနိုင်ခွင့်ပေးဖို့နဲ့ လာရောက်လေ့လာသူတွေ စိတ်အနှောက်အယှက် မဖြစ်အောင် ဆောင်ရွက်သွားရန်ဖို့ မနေ့က ညွန်ကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013